အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးအဖွဲ့က ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် အီရန်၏ အဆိုပြုချက်ကို သုံးသပ်နေ

(နိုင်ငံတကာ)ဧပြီ ၂၈

     ​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၏ အမျိုးသားလုံခြုံရေးအဖွဲ့သည် အစ္စရေးနှင့် ဖြစ်ပွားနေသော စစ်ပွဲကို ရပ်တန့်ရန်နှင့် ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက် ကြားကို ပြန်လည်ဖွင့်လှစ်ရန် အီရန်ဘက်က တင်ပြလာသည့် အဆိုပြုချက်အသစ်ကို စတင်သုံးသပ်နေပြီဖြစ်သည်။

​     အီရန်သည် ၎င်း၏ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန် လည်ဖွင့်လှစ်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း၊ အမေရိကန်က အဓိကလိုလားသည့် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများကိုမူ စစ်ပွဲပြီးဆုံးသည်အထိ ရွှေ့ဆိုင်းထားရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း သမ္မတထရန့်သည် နျူကလီးယားကိစ္စကို နောက်ဆိုင်းထားသည့်အချက်အပေါ် ကျေနပ်မှုမရှိဘဲ၊ ယင်းအချက်မှာ အမေရိကန်၏ အသာစီးရယူနိုင်စွမ်းကို အားနည်းစေနိုင်သဖြင့် ကမ်းလှမ်းချက်ကို လက်ခံရန် အလားအလာနည်းပါးနေကြောင်း အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းများက ဆိုသည်။

​     အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံကာ သံတမန်ရေးရာ အကူအညီများ ရယူရန် ကြိုးပမ်းခဲ့သလို၊ ပါကစ္စတန်နှင့် အိုမန်နိုင်ငံများမှတစ်ဆင့်လည်း ဝါရှင်တန်သို့ မက်ဆေ့ခ်ျများ ပေးပို့နေသည်။ “ကျွန်တော်တို့ဟာ သံတမန်ရေးရာ တံခါးတွေကို ပိတ်ထားမှာ မဟုတ်ပါဘူး” ဟု အရတ်ဂ်ချီက ဆိုကာ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အဆင်သင့်ရှိကြောင်း အချက်ပြခဲ့သည်။

​     ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကမ္ဘာ့လောင်စာဆီ ၂၀ ရာခိုင်နှုန်းခန့် ဖြတ် သန်းနေသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ အစားအစာနှင့် စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။

     ဘာရိန်းအပါအဝင် နိုင်ငံပေါင်း ဒါဇင်နှင့်ချီကလည်း ရေလက်ကြားကို အမြန်ဆုံးပြန်ဖွင့်ရန် တောင်းဆိုထားကြသော်လည်း လုံခြုံရေးကောင်စီတွင် ရုရှားနှင့် တရုတ်တို့၏ ဗီတိုအာဏာကြောင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်ဘဲ ဖြစ်နေ သည်။

​#Iran #Trump #StraitOfHormuz #NuclearTalks #GlobalEnergy #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN