အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် OPEC နှင့် OPEC+ အဖွဲ့များမှ နုတ်ထွက်

(နိုင်ငံတကာ)ဧပြီ ၂၈

     ​အီရန်စစ်ပွဲကြောင့် သမိုင်းဝင် စွမ်းအင်အကျပ် အတည်းနှင့် ကမ္ဘာ့စီးပွားရေး မတည်မငြိမ်ဖြစ်နေချိန်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် OPEC နှင့် OPEC+ အဖွဲ့များမှ နုတ်ထွက်လိုက်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့ရာ ယင်းမှာ ရေနံတင်ပို့သည့်အဖွဲ့များအတွက် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ် လာခဲ့သည်။

     အီရန်၏ ခြိမ်းခြောက်မှုများနှင့် သင်္ဘောများအပေါ် တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ရည် ငါးပုံတစ်ပုံခန့် ပုံမှန်ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့ရန် OPEC ပင်လယ်ကွေ့အဖွဲ့ဝင်နိုင်ငံများမှာ အခက်အခဲနှင့် ရင် ဆိုင်နေရချိန်လည်း ဖြစ်သည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က OPEC အဖွဲ့သည် ရေနံဈေးနှုန်းများကို တင်ထားခြင်းဖြင့် “ကမ္ဘာကြီးကို လိမ်လည်လှည့်ဖြားနေသည်” ဟု စွပ်စွဲထား သည်။ ထို့ပြင် ထရန့်သည် ပင်လယ်ကွေ့ဒေသအတွက် အမေရိကန်၏ စစ်ရေးထောက်ခံမှုကို ရေနံဈေးနှုန်းနှင့် ချိတ်ဆက်ထားပြီး အမေရိကန်က OPEC အဖွဲ့ဝင်များကို ကာကွယ်ပေးနေသော်လည်း ၎င်းတို့က “ရေနံဈေး နှုန်းများ အဆမတန်မြှင့်တင်ကာ အမြတ်ထုတ်နေကြသည်” ဟု ပြောဆိုခဲ့သည်။

     UAE ၏ ယခုကဲ့သို့ နုတ်ထွက်မှုမှာ စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုများစွာမှ မိမိတို့အား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အခြားအာရပ်မိတ်ဖက်နိုင်ငံများအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်တွင် ပေါ် ပေါက်လာခြင်း ဖြစ်သည်။

     UAE သမ္မတ၏ သံတမန်ရေးရာအကြံပေး အန်နဝါ ဂါဂတ်ရှ် (Anwar Gargash) က တနင်္လာနေ့တွင် ပြုလုပ်သည့် ပင်လယ်ကွေ့သြဇာလွှမ်းမိုးသူများဖိုရမ်၌ အီရန်၏တိုက်ခိုက်မှုများအပေါ် အာရပ်နှင့် ပင်လယ်ကွေ့နိုင်ငံများ၏ တုံ့ပြန်မှုမှာ အားနည်းလွန်းကြောင်း ဝေဖန်ခဲ့သည်။

     “ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးမှာ ကူညီခဲ့ကြပေမဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရတော့ သူတို့ရဲ့ ရပ်တည်ချက်ဟာ သမိုင်းတစ်လျှောက်မှာ အားအနည်းဆုံးဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဂါဂတ်ရှ်က ဆိုသည်။

     ၎င်းက ဆက်လက်၍ “အာရပ်အဖွဲ့ချုပ် (Arab League) ဆီက ဒီလိုအားနည်းတဲ့ ရပ်တည်ချက်မျိုးကို ကျွန်တော် မျှော်လင့်ထားပြီးသားမို့ မအံ့သြပါဘူး။ ဒါပေမဲ့ [ပင်လယ်ကွေ့] ပူးပေါင်းဆောင်ရွက်ရေးကောင်စီဆီကတော့ ဒါမျိုးမမျှော်လင့်ထားခဲ့လို့ တကယ်ပဲ အံ့သြမိပါတယ်” ဟု ပြောကြားခဲ့သည်။

     ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်၌ UAE ကဲ့သို့ အဓိကထုတ်လုပ်သူတစ်ဦး နုတ်ထွက်သွားခြင်းသည် OPEC အဖွဲ့၏ စျေးကွက်ထိန်းချုပ်နိုင်စွမ်းကို ကြီးမားစွာ ထိုးနှက်လိုက်ခြင်းဖြစ်ပြီး ရေနံစျေးနှုန်းများ ပိုမိုမတည်မငြိမ် ဖြစ် လာနိုင်ခြေရှိသည်။

​#UAE #OPEC #OilPrices #EnergyCrisis #Trump #Gargash #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN