
(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ ၁၆
နေဇင်လတ်
သမ္မတမဖြစ်ခင်ကတည်းက ထရမ့်စကားတွေက “အကြမ်းစား” နိုင်ငံတွေက ထရမ့်သမ္မတဖြစ်လာမှာအတော် စိုးရိမ်ခဲ့ကြတယ်။ သမ္မတကျမ်းကျိန်ပြီး လုပ်သမျှ အလုပ်တိုင်းကလဲ ငလျင်အကြိမ်ကြိမ်လှုပ်ခါခဲ့ပြန်လေတော့ ကမ္ဘာကြီးက အတော်ခြောက်ခြောက်ခြားခြား ဖြစ်နေရတော့တယ်။
သမ္မတဖြစ်တဲ့ Day – (1) မှာ အထူးအမိန့် Executive Order ပေါင်းတစ်ရာကို ထုတ်ပြန်မှာဖြစ်ပြီး တစ်ပတ်အတွင်းမှာ အမိန့်ပေါင်းနှစ်ရာကိုထုတ်ပြန်မယ်လို့ပြောတယ်။ ပြောတဲ့အတိုင်းလည်း လုပ်သွားခဲ့တာ တွေ့ရတယ်။ သမ္မတအဖြစ် ပထမတစ်ရက်မှာပါ အမိန့်တွေက စက်ထဲက ထုတ်လိုက်သလို လှိမ့်ထွက်လာတာတွေ့ရတယ်။ ထရမ့်တစ်ခုပြီးတစ်ခုလက်မှတ်ရေးထိုးအမိန့်ထုတ်နေပုံ Videoတွေ တက်လာတာ တွေ့လိုက်ရတယ်။
ပြည်တွင်းကဆိုရင်ကမ်းခြေစောင့်တပ်ဖွဲ့အကြီး အကဲ Coast Guard Commandant, Admired Linda L. Fagan ကိုတာဝန်ကရပ်စဲလိုက်တယ်။ အမျိုးသမီးဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ နည်းတဲ့ရာထူးအဆင့် မဟုတ်ပါဘူး။ ၁၉၆၃ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ အမေရိကန်သမ္မတ J.FK နဲ့ပတ်သက်ပြီး နှစ်ပေါင်း ၆ဝ ကျော်ကို ထိပ်တန်းလျှို့ဝှက်အဖြစ် CIAမှာ ထိန်းသိမ်းထားတဲ့ဖြစ်ရပ်ကိုလည်း လျှို့ဝှက်အဆင့်အတန်းချပြီး အများပြည်သူတွေ သိရှိလေ့လာနိုင်ဖို့ လက်မှတ်ရေးထိုး လိုက်ပြန်ပါတယ်။ ထရမ့်ကိုင်လိုက်ရင် “အကြီးစား”တွေပဲ ဖြစ်ပြီး အဲ့ဒီအကြီးစားတွေက ငလျင်တစ်ခုစီအဖြစ် ပြောင်းလဲသွားကြတဲ့အရာတွေချည့်ဖြစ်နေပါတယ်။
John F. Kennedy ကိစ္စမှာ စာမျက်နှာ ၁၂ မျက်နှာပါဝင်ပြီး အဲ့ဒီတုန်းက JCS – Joint Chiefs of Staff က လက်မှတ်ရေးထိုးထားတယ်။ Operation Northwood လို့ အမည်ပေးထားပါတယ်။ အကျယ် တဝင့်ရေးသားချက်ကလဲရှိနေတယ်။ JFK ဟာ Deep State ကိုထရမ့်လိုပဲဖြိုလှဲမယ်လို့ ကြွေး ကြော်ခဲ့သူတစ်ဦး ဖြစ်နေတယ်။
ရှင်ကြီးကျားထက်ဆိုး

ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးတာကို အမေရိကန်တွေ တွေ့ကြုံနေကြရပါပြီ။ ဘိုင်ဒင့်ကိုမကြိုက်တော့လို့ ထရမ့်ကိုကျောင်းထိုင်ခန့်လိုက်ပါတယ်။ နောက်ဘုန်းကြီးက သုံးချက်ခေါက်သူ ဖြစ်လာခဲ့တယ်။ ထရမ့်လုပ်ရပ်တိုင်းက နိုင်ငံပေါင်းများစွာနဲ့ ထိပ်တိုက်တွေ့ရမယ့် အပေါက်မျိုးဖြစ်နေတယ်။ “ပနားမား” ကို ပြန်ယူရမယ်လို့ ဆိုတယ်။ ပနားမား အစိုးရက “UN”ကို တိုင်ကြားထားတာ တွေ့ရတယ်။ တစ်ချိန်က နားမားတူးမြောင်းကို အမေရိကန်တွေ ဖောက် လုပ်ပေးခဲ့ တာ၊ ရာသီဥတုဆိုးဝါးလို့ အမေရိကန် ၃၈,ဝဝဝ သေကျေခဲ့တာ မှန်ပါတယ်။ သမ္မတဂျင်မီကာတာ လက်ထက်မှာ တူးမြောင်းကို ပနားမားအစိုးရဆီကို လက်ဆောင် ပြန်ပေးခဲ့ပြီးပါပြီ။ စီမံခန့်ခွဲမှုအပိုင်းက ပနားမားအစိုးရနဲ့သာ သက်ဆိုင်ပါတော့တယ်။ တူးမြောင်းကိုပြန်ယူမယ်လို့ ဆိုထားလေတော့ နိုင်ငံတစ်ခုရဲ့အချုပ်အခြာ အာဏာကို ထရမ့်က လုံးဝမစဉ်းစားတော့ရာကျနေပါတယ်။
Canada နဲ့လည်း ထိပ်တိုက်တွေ့ပြန်ပါပြီ။ ကနေဒါဝန်ချုပ်ကလည်း ပြတ်သားလှပါတယ်။ လွှတ်တော်ခေါ်လိုက်တယ်။လွှတ်တော်မှာထရမ့်ကို Impeach (စွပ်စွဲပြစ်တင်)ပြုလုပ်ပြီး ကနေဒါရဲ့ ပို့ကုန်တွေကို အခွန်တိုးကောက်မယ်ဆိုရင် ရေနံနဲ့ ဓာတ်ငွေ့ကို အမေရိကန်ဆီ ရောင်းမပေးတော့ဘူး။ အခြားဈေးချိုတဲ့ ကုန်ပစ္စည်းတွေကိုလဲ ရောင်းပေးတော့မှာ မဟုတ်တဲ့အတွက် အမေရိကန်အနေနဲ့ ရုရှား၊ အိန္ဒိယ၊ တရုတ်စတဲ့ နိုင်ငံတွေကသာဝယ်ယူဖို့ပြင်ဆင်ရလိမ့်မယ်လို့ တုံ့ပြန်ထားတယ်။ ပြီးတော့ Canada is not for Sale ဆိုတဲ့ Campaign တွေကို လုပ်ပြလိုက်ပါတယ်။ အမေရိကန်လုပ်ချင်သလိုလုပ်ဖို့ ကနေဒါကလက်ခံမယ့် အခြေအနေမျိုး မဟုတ်ဘူးဆိုတာကို ပြသလိုက်တာပါ။
Greenland ကိစ္စကလဲ အတော်ဂယက် “ထ” သွားတယ်။ ထရမ့်က နိုင်ငံတကာစီးပွားရေးလုံခြုံမှုအတွက် ဂရင်းလန်းကို ရယူဖို့လိုတယ်။ အမေရိကန်က တာဝန်ယူပြီး နိုင်ငံတကာ စီးပွားရေးလုံခြုံမှုကို တာဝန်ယူသွားမယ်လို့ ဆိုတယ်။ “အကြောင်းပြချက်”က “နိုင်ငံတကာစီးပွားရေးလုံခြုံမှု” ဖြစ်ပါတယ်။ ဒီနေ့အထိ ဘယ်နိုင်ငံကမှ ဂရင်းလန်းကို မတို့ထိသေးပါဘူး။ ဂရင်းလန်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းသာ ရှိနေတာမျိုးပါ။
ဒိန်းမတ်လွှတ်တော်အမတ်က –
“ဂရင်းလန်းဟာ ရောင်းကုန်မဟုတ်ဘူး။ဒိန်းမတ်အုပ်ချုပ်မှု အောက်မှာရှိခဲ့တာနှစ်ပေါင်း ၈ဝဝ ကျော်ရှိနေပြီ။”
“Mr. Trump, F..ck off”
ဆိုပြီး တုံ့ပြန်လိုက်တာ တွေ့ရတယ်။ ပြီးတော့ ဒိန်းမတ်အစိုးရက ဂရင်းလန်းကို အထူးတပ်ဖွဲ့တွေ ချက်ချင်းစေလွှတ်လိုက်ပါတော့တယ်။

ထရမ့်ရဲ့ကျူးကျော်မှုကို ဒိန်းမတ်အစိုးရကလဲ လုံးဝ လက်ခံမှာမဟုတ်ဘူးဆိုတာကိုပြသလိုက်တာပါ။
LA မီးလောင်မှုနဲ့ပတ်သက် လို့ရော၊ ဘိုင်ဒင့်လက် ထက်ကအရာရှိ ၁ဝဝ ကျော်ကိုတာဝန်က အနားပေးမယ့် ကိစ္စအပါအဝင် ပြည်တွင်းမှာ ဖြုတ်-ထုတ်-သတ်တွေ အများကြီးလုပ်ဖို့ရှိနေတဲ့အတွက် အမေရိကန်ပြည်တွင်းမှာ လှုပ်လှုပ်ရှားရှားနဲ့ “ကျားထက်ဆိုးတဲ့ရှင်ကြီး” ကို တွေ့နေရပါပြီ။
ဟစ်တလာဝါဒတွေလား
ထရမ့်ရဲ့လုပ်ပုံကိုင်ပုံ၊ အာဏာရှင်ဆန်ပုံ၊ ထရမ့်ရဲ့လက်ရုံး Elon Musk ရဲ့လုပ်ပုံကိုင်ပုံနဲ့ အမူအကျင့်တွေပေါ်မူတည်ပြီး ဟစ်တလာဝါဒီတွေလို့ ရက်ပိုင်းအတွင်း သမုတ်လာခဲ့ကြတာတွေ့ရတယ်။ အထူးသဖြင့် ပွဲတစ်ပွဲမှာ Mask ရဲ့ ညာလက်ကို ဟစ်တလာခေတ်တုန်းကလို လေထဲမှာ ၄၅ ဒီဂရီမြှောက်ပြလိုက်တာမှာ ပိုဆိုးသွားပါတော့တယ်။ “Hi.. Hitler” ဆိုပြီး အချင်းချင်းဂျာမန်တွေ အလေးပြုတဲ့ပုံစံနဲ့ တထေရာတည်း ဖြစ်နေတာ တွေ့ရတယ်။ နာဇီတွေကို ချေမှုန်းမယ်လို့ ပါးစပ်က ပြောနေတဲ့ ထရမ့်ဟာ နာဇီဖြစ်နေတယ်။ Hitleran ဟစ်တလာဝါဒီတစ်ဦး ဖြစ်နေတယ်။ Nazism ဆိုတဲ့ နာဇီဝါဒကို ကျင့်သုံးနေတယ်လို့ စွပ်စွဲလာခဲ့ကြပါတော့တယ်။
ပိုဆိုးသွားတဲ့တစ်ချက်က အတွင်းစည်းက လျှို့ ဝှက်လုပ်ဆောင်နေမှုဟာ တိုးတိုးတိတ်တိတ်ထွက်ပေါ်လာတာပဲ ဖြစ်တယ်။ အဲ့ဒါကတော့ ရီပတ်ဘလစ်ကင်အမတ်တစ်ဦးက ထရမ့်ကို ၂ဝ၃၂ အထိ သမ္မတနေရာမှာဆက်ပြီးရှိစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ Amendment ကို ပြင်ဆင်ရေးသားဖို့ကြိုးစားနေတယ် ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတတစ်ဦးဟာ လေးနှစ် နှစ်ကြိမ်သာတာဝန်ထမ်းဆောင်ခွင့် ရှိပါတယ်။ ထူးခြားတာက ထရမ့်ဟာ ပထမလေးနှစ်ပြီးတော့ ဘိုင်ဒင့်ကို ရှုံးသွားတယ်။ တစ်ကျော့ပြန် သမ္မတ ပြန်အရွေးခံရတယ်။ ပထမ လေးနှစ်မပါ၊ လေးနှစ် နှစ်ကြိမ် ဆက်တိုက်သဘောနဲ့ ဝိနည်းလွတ်ကြိုးစားတဲ့ သဘော ဖြစ်နေပါတယ်။ လွှတ်တော် နှစ်ရပ်လုံးမှာလည်း ရီပါတ်ဘလစ်ကင်တွေကအများစုဖြစ်နေလေတော့ ကြိုးစားကြည့်တဲ့သဘော ဖြစ်ပါလိမ့်မယ်။
နာဇီတွေက အာဏာဟာ ဟစ်တလာဆိုတဲ့ ဗဟိုက စီးဆင်းလာတဲ့ ပုံစံပါ။ အမေရိကန်မှာလည်း ကမ္ဘာ့အကောင်းဆုံး Check & Balance ဆို တုံ့ပြန်လှန်ထိန်းကျောင်းစနစ်အကောင်းဆုံးရှိနေတယ်ဆိုတာ ပျက်စီးသွားခဲ့ပြီး Trump ဆီကသာ အာဏာစီးဆင်းလာတဲ့ ပုံစံကို ပုံဖော်နေကြတာတွေ့ရတယ်။ ဒါကြောင့်လည်း Trump ကို Hitlerian လို့ သမုတ်ကြတာ ဖြစ်ပါတယ်။
မဲဆွယ်ကာလတုန်းက Harris ကို ပညာရှင်ပေါင်း ၁ဝဝ ကျော်နဲ့ ကူညီခဲ့တဲ့ UK ဝန်ကြီးချုပ် Starmer ကိုလည်း ထရမ့်ကလက်စားချေတဲ့အနေနဲ့ ဖြုတ်ချဖို့ လုပ်နေတာ တွေ့ရတယ်။ပြိုင်ဘက် Farage ကို ထရမ့်ရော၊ Elon Musk ရောကပါ အစွမ်းကုန်ကူညီ ပေးနေတာလူသိရှင် ကြား ဖြစ်နေပါပြီ။ Musk က ချားလစ်ဘုရင်ကြီး “လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲလုပ်ပေးဖို့” ရဲရဲတင်းတင်း တိုက်တွန်းလာတဲ့အထိ တွေ့ရ တယ်။ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း အမေရိကန်နဲ့ Elon Muskဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးကိုဝင်ရောက် ခြယ်လှယ် ခြေရှုပ်နေတယ်လို့ လူသိရှင်ကြား ဝေဖန်လာခဲ့ကြပါပြီ။
Soros တုန်းက တိုးတိုးတိတ်တိတ် လူမသိအောင် အခြားနိုင်ငံတွေရဲ့ နိုင်ငံရေးကိုဝင်ပြီးကစားခဲ့တယ်။ Musk ကတော့ လူသိရှင်ကြား အခြားနိုင်ငံတွေရဲ့ အရေးအရာကို ဝင်ရောက်ခြယ်လှယ်တယ်။ Soros က အမိန့်ပေးပုံစံနဲ့ မသွားဘူး။ သိမ်မွေ့တယ်။ Muskက အထက်စီး၊ အမိန့်ပေးပုံစံနဲ့ တိုက်ရိုက်ဝင်ကစားတယ်။ အချုပ်အခြာနယ်မြေတွေဆိုတာကို လုံးဝ ထည့်သွင်းစဉ်းစားတာမျိုး မတွေ့ရဘူး။ ဒီတော့လဲ ထရမ့်ကို နာဇီဝါဒလက်သစ်လို့ စွပ်စွဲ ကင်ပွန်း တပ်ကြတာ လွန်အံ့မထင်တော့ပါ။
အဏုမြူတစ်လုံး“ကျွေး”လိုက်ပါ

ရုရှားလိုနိုင်ငံကြီးတွေကိုတောင် ထရမ့်ရဲ့ဆက်ဆံပုံက ဘယ်လောက် အပေါ်စီးကရှိသလဲဆိုရင် ကျန်နိုင်ငံတွေအတွက်ဆိုရင် စဉ်းစားသာကြည့်လို့ရပါတယ်။ ရုရှားကို ထရမ့်က ဘယ်လိုဖြေလိုက်သလဲဆိုရင်-
“ယူကရိမ်း စစ်ငြိမ်းချမ်းရေးမှာ ရုရှားအနေနဲ့ လက်ခံသင့်တယ်။ ငြင်းဆန်မယ်ဆိုရင် အနု နည်းနဲ့ အကြမ်းနည်းဆိုပြီး ရှိလာလိမ့်မယ်။ အနု နည်းနဲ့ ကိစ္စပြီးရင်တော့ ပိုကောင်းတာပေါ့”
“ပူတင့်ဘက်က လက်မခံဘူးဆိုရင် အခြားစီးပွားရေး ပိတ်ဆို့မှုတွေကို လုပ်ရလိမ့်မယ်”
“ရေနံဈေးကျသွားရင် ယူကရိမ်း စစ်က အလိုလိုရပ်သွားမှာပါ”
ရေနံဈေးကျအောင် လိုအပ်ရင် လုပ်ဆောင်မယ်လို့ သဘောရတယ်။ စွမ်းအင်ဈေးနှုန်းကျသွားရင် ယူကရိမ်းကို ရုရှားဘက်က ဆက်ပြီးစစ်မတိုက်နိုင်တော့ဘူးလို့ တွက်ဆထား ဟန်ရှိထားပုံရတယ်။
ရုရှားဘက်ကပဲ သဘောထားကို ထင်ဟပ်စေတဲ့တုံ့ပြန်မှုတစ်ခုကို တုံ့ပြန်လိုက်ပါတယ်။ အဲ့ဒါကတော့ ပူတင့် သဘောထားကို ပြောပေးလေ့ ရှိတဲ့ Gurulev က
“ရုရှားကို အမေရိကန်ဘက်က အကြမ်းနည်းနဲ့ အသုံးပြုလာမယ်ဆိုရင် အဏုမြူတစ်လုံး “ကျွေး” လိုက်ပါ” လို့ တုံ့ပြန်လိုက်တာ တွေ့ရတယ်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံက ခေါင်း ဆောင်တွေ အလီလီပြောင်းခဲ့ပေမယ့် ရုရှားမှာ ပူတင်က ၂၅ နှစ်လောက်ဦးဆောင်ခဲ့သူဖြစ်လို့ ဘယ်နိုင်ငံခေါင်းဆောင် ဘယ်လိုရှိတယ်ဆိုတာကို နောကြေနေအောင် သိထားသူဖြစ်ပါတယ်။ ဒါကြောင့်လဲ ခြောက်တိုင်းလဲ မကြောက်တတ်၊ မြှောက်တိုင်းလဲ မမြောက်တတ်ပဲ ခပ်ကင်းကင်းခပ်မာမာတုံ့ပြန်လေ့ရှိသူ ဖြစ်တယ်။
ယူကရိမ်းစစ်ပွဲမှာ ရုရှားရဲ့ တာလတ်ပစ် တစ်ဆင့်မြင့် နည်းပညာ Next Level Technology ပါဝင်တဲ့ Oreshnik မစ်ဇိုင်းကို စမ်းသပ်အသုံးပြုပြလိုက်ပြီး ပူတင်က အနောက် အုပ်စုကို သတိပေးလိုက်တာကတော့ “Oreshnik ကိုအနောက်အုပ်စုဘက်က ဘယ်နိုင်ငံကမှ ပစ်ချနိုင်တဲ့ နည်းပညာ မရှိသေးဘူး။ Oresnik Missile လိုမျိုးကိုလဲ ဘယ်နိုင်ငံကမှ တုပပြီး ထုတ်နိုင်မှာ မဟုတ်ဘူး။ Oreshnikဟာ ပြိုင်ဘက်မဲ့တဲ့ မစ်ဇိုင်းဖြစ်ပါတယ်”လို့ သတိပေးလိုက်တယ်။ ပြီးတော့ အဲ့ဒီမစ်ဇိုင်းကို ချက်ချင်းပဲ အမြောက်အမြားထုတ်လုပ်ခိုင်းလိုက်ပြီး ၂ဝ၂၅ နှစ်လယ်ပိုင်းမှာ ရုရှားတပ်တွေဆီ ဖြန့်ကြက်ထားမယ်လို့လဲဆိုပါတယ်။ Oreshik ကိုသမားရိုးကျ မစ်ဇိုင်းအဖြစ် အသုံးပြုနိုင်ပြီး အဏုမြူထိပ်ဖူးတပ်မစ်ဇိုင်းအနေနဲ့လည်း အသုံး ပြုလို့ရမှာဖြစ်တယ် လို့ ဆိုပြန်ပါတယ်။ အမေရိကန် အပါအဝင်အနောက်အုပ်စု တစ်ခုလုံး ထိတ်ထိတ်ပျာ ပျာဖြစ်သွားစေခဲ့တာတော့အမှန်ပါပဲ။
အမေရိကန်နိုင်ငံခြားရေးမူဝါဒအသစ်
ထရမ့်လက်ထက်မှာထုတ်ပြန်လိုက်တဲ့ Executive Order အများစုက လက်ထက်ကကျင့်သုံးတဲ့မူဝါဒ Biden တွေနဲ့ အတော်ကြီးကို ဆန့်ကျင်နေတာ တွေ့ရတယ်။ Biden လက်ထက်မှာ ဖွင့်ခဲ့တဲ့ နယ်စပ်တွေကို ချက်ချင်းပြန်ပိတ်ပစ်တယ်။ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကအစ္စရေး၊ အီဂျစ်မှာ ထောက် ပံ့ပေးနေတာကလွဲပြီး ယူကရိမ်းအပါအဝင်နိုင်ငံများစွာကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်ရဲ့ အထောက်အပံ့အားလုံးကို ရက် ၉ဝ ရပ်တန့်လိုက်တယ်။ပြန်လည်စိစစ်မယ်လို့ ဆိုတယ်။
တရားမဝင်အမေရိကန်ကို ရောက်လာတဲ့နိုင်ငံစုံကသူတွေကိုလည်း Mass Deportation ဆိုတဲ့ အစုလိုက် အပြုံလိုက်ပြန်ပို့တာတွေကိုလဲ ချက်ချင်းလုပ်ကိုင်လာတာတွေ့ရတယ်။ ဘိုင်ဒင့် လက်ထက်က ဝန်ထမ်း ၁ဝဝဝ လောက်နဲ့ IRS Internal Revenue Services က ဝန်ထမ်း ၉၀၀၀ လောက်ရဲ့အနာဂတ်ဟာလဲမရေရာ မသေချာဖြစ်လာတယ်။ ထူးခြားတာတစ်ခုက CIS ရဲ့သတင်းထုတ်ပြန်ချက်တစ်ခုပါ။ ဘိုင်ဒင့်လက်ထက်မှာ Covid-19 ဟာ တရုတ်ဘက်ကကြီးထွားလာတာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့တာကို ဆန့်ကျင်လိုက်တဲ့ CIA တွေ့ရှိချက်ဖြစ်ပါတယ်။ CIA ၏ ထုတ်ပြန်မှုအသစ်အရ တရုတ်နိုင်ငံ Wuhan က Covid စတင်ပြန့်ပွားလာတယ်လို့ CIAက ဆိုတယ်။ ထရမ့်အစိုးရသစ်မှာ အခြားအရေးကြီးလုပ်ကိုင်စရာတွေ အများကြီးရှိနေတဲ့ကြားက ဘာဖြစ်လို့ Covid ကိစ္စကို ခပ်စောစော အစပြန်ဖော်ရတာလဲ။ ဘိုင်ဒင်တုန်းကရော တရုတ်ကို ကာကွယ်ခဲ့တာလား၊ ဒါမှ မဟုတ် တရုတ်ရဲ့ တိုက်ခိုက်မှုကြောင့်လို့ဆိုရင် အမေရိကန် သိက္ခာကျမှာစိုးလို့ ငြင်းပယ်ရတာလား။
Greenlandမှာ EU စစ်တပ်ချမယ်
EU ရဲ့ စစ်ဘက်အကြီးအကဲ EUME EU Military Committee ဖြစ်တဲ့ General Robert Brieger က အင်တာဗျူးတစ်ခုမှာ EU ရဲ့ စစ်တပ်ကို Greenland မှာ ချထားလိုတယ်လို့ ထုတ်ပြောလာပါတယ်။ အတော် ထူးခြားတဲ့သူရဲ့မှတ်ချက်လို့ ပြောရပါလိမ့်မယ်။ Greenland ကို ထရမ့်ကလိုချင်နေတယ်။ ဂရင်းလန်းဟာ အမှန်တော့ ကြားခံခြေလှမ်းတစ်ခုသာပါ။ Greenland မှာ စစ်တပ်အခြေချနိုင်ရင်အာတိတ်ဒေသကို လွှမ်းမိုးနိုင်မှာ ဖြစ်ပါတယ်။
အာတိတ်ဒေသမှာ နိုင်ငံကြီးတွေ သုတေသန ပြုနေခဲ့ကြတာ နှစ်ဆယ်ပေါင်းများစွာရှိနေပါပြီ။ အာတိတ်မြေအောက်မှာ နှစ် ၂ဝဝ ကျော် လောက် သုံးမကုန်တဲ့ မြေအောက် သံယံဇာတတွေရှိနေတယ်။ Greenland မှာတင်ပဲ မြေရှားသတ္တု၊ ရေနံသိုက်နဲ့ ဓာတ်ငွေ့သိုက်ကြီးတွေက ကြီးကြီးမားမားရှိထားနေပါတယ်။ လက်ဦးမှုရအောင် ကြိုးစားနေကြတာလို့ ဆိုနိုင်ပါလိမ့်မယ်။ အာတိတ်ဒေသမှာ ရုရှားနဲ့ တရုတ်တို့က အပြိုင်သုတေသနတွေ ပြုလုပ်နေကြပြီး အဲ့ဒီဒေသကို ထိန်းချုပ်နိုင်ရေးကြိုးစားနေကြတယ်။
တစ်နေ့တခြားရှားပါးလာတဲ့ သယံဇာတတွေကို Greenland နဲ့ အာတိတ်ဒေသက သယံဇာတတွေနဲ့ အစားထိုးထိန်းချုပ်နိုင်ရင် ကမ္ဘာကြီးကိုကောင်း ကောင်း ကြီးခြိမ်းခြောက်နိုင်မှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို မြင်တွေ့လာကြတဲ့သဘောပါပဲ။ လောလောဆယ်က Greenland ကို အရင်ထိန်းချုပ်နိုင်ဖို့ ပထမခြေလှမ်းအနေနဲ့ အရေးကြီးလာတယ်။ သမ္မတထရမ့်က“အမေရိကန် အင်ပါယာကို ချဲ့ထွင်မယ်”လို့ အတိအလင်း ဖွင့်ပြောထားတယ်။ Canada, Greenland. မက္ကဆီကို ပင်လယ်ကွေ့ စတာတွေကို ချဲ့ထွင်မယ့် အမေရိကန်အင်ပါယာသစ်ထဲမှာ ထည့်သွင်းလိုဟန်
ရှိနေပါတယ်။
လောလောဆယ်မှာ EU ဘက်က လက်မခံကြောင်း ပြသလိုက်တာဖြစ်တယ်။ ဒီလိုပဲအခြားနိုင်ငံများစွာကလည်း အမေရိကန်ရဲ့ ရန်လိုတဲ့ နိုင်ငံခြားရေးမူဝါဒကို ဆန့်ကျင်ဘက်တုံ့ပြန်မှုတွေနဲ့ လက်မခံကြောင်းပြသနေခဲ့ကြပြီမို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေ ထိပ်တိုက်တွေ့လာရဖို့နဲ့ ဖြစ် လာခဲ့ပါပြီ။ ဒါကြောင့် ထရမ့်ကြောင့် အမေရိကန်ကျဆုံးတော့မှာလား။
အမေရိကန်ကျဆုံးဖို့ ထရမ့်သမ္မတ ဖြစ်လာတာလားလို့ မေးရတော့မလို ဖြစ်လာရပါတော့တယ်။
#PAN