အစ္စရေးနှင့် လက်ဘနွန်တို့ ၁၀ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း သမ္မတထရန့် ကြေညာ

(နိုင်ငံတကာ) ဧပြီ ၁၇

     ​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့အကြား ၁၀ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း ကြာသပတေးနေ့တွင် တရားဝင်ကြေညာလိုက်သည်။ အဆိုပါ အပစ်ရပ်စဲရေးသည် အမေရိကန်အရှေ့ဘက်ကမ်းခြေစံတော်ချိန် ယနေ့ညနေ ၅ နာရီ (ဂရင်းနစ် စံတော်ချိန် ၂၁:၀၀ နာရီ) တွင် စတင်သက်ရောက်မည်ဖြစ်သည်။

​     သမ္မတထရန့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ လက်ဘနွန်သမ္မတ ဂျိုးဆက်ဖ်အောင်းတို့နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ကြေ ညာခဲ့ခြင်းဖြစ်သည်။ “ဒီခေါင်းဆောင်နှစ်ဦးဟာ သူတို့နိုင်ငံတွေအကြား ငြိမ်းချမ်းရေးရရှိဖို့အတွက် ၁၀ ရက် ကြာ အပစ်အခတ်ရပ်စဲရေးကို တရားဝင်စတင်ဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

     ယခုသဘောတူညီချက်သည် ပြီးခဲ့သည့် အင်္ဂါနေ့က ဝါရှင်တန်ဒီစီ၌ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဦးဆောင်ကျင်းပခဲ့သည့် အစ္စရေးနှင့် လက်ဘနွန်တို့အကြား ဆယ်စုနှစ် ၃ ခုကျော်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်သံတမန်ရေးရာ တွေ့ဆုံမှု၏ နောက် ဆက်တွဲရလဒ်လည်း ဖြစ်သည်။

လက်ဘနွန်ဝန်ကြီးချုပ် နဝပ်ဖ်ဆလမ်း က ယခုအပစ်ရပ်စဲရေးကို ကြိုဆိုကြောင်းနှင့် ယင်းသည် စစ်ပွဲစတင်ကတည်းက လက်ဘနွန်၏ အဓိကတောင်းဆို ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အပစ်ရပ်ရန် သဘောတူညီခဲ့သော်လည်း အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းရှိ လုံခြုံရေးဇုန်များတွင် ဆက် လက်ရှိနေမည်ဖြစ်ကြောင်းနှင့် ယခုကာလကို သမိုင်း ဝင်သဘောတူညီချက်တစ်ရပ် ရရှိရန် အခွင့်အရေးအဖြစ် အသုံးချသွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဆိုသည်။

​     သမ္မတထရန့်သည် သမ္မတ အောင်းနှင့် ဝန်ကြီးချုပ် နေတန်ယာဟုတို့အား ဝါရှင်တန်ဒီစီတွင် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန်အတွက် ဒုသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန်ကိန်းတို့ကို တာဝန်ပေးအပ်ထား သည်။

     အဆိုပါ ၁၀ ရက်ကြာ အပစ်ရပ်စဲမှုအတွင်း တိုး တက်မှုများရှိပါက သက်တမ်းထပ်မံတိုးမြှင့်သွားရန် အလားအလာရှိကြောင်း အိမ်ဖြူတော်က အရိပ် အယောင်ပြထားသည်။ လက်ရှိတွင် ဘေရွတ်မြို့၌ အပစ်အခတ်ရပ်စဲရေး သတင်းကြောင့် အောင်ပွဲခံ ပစ်ခတ်မှုများရှိနေသော်လည်း၊ ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေးဘက်က အပစ်ရပ်စဲရေးကို အတိအကျလိုက်နာမှသာ ၎င်းတို့ဘက်ကလည်း လိုက်နာမည်ဟု သတိပေးထားပါသည်။

​#Israel #Lebanon #Ceasefire #DonaldTrump #Hezbollah #MiddleEastNews #BreakingNews #PositiveAngleNews #PeaceTalks

Telegram»…
https://t.me/positiveanglenews

#PAN