အမေရိကန်၏ ပိတ်ဆို့မှု ဆက်လက်ရှိနေမည်ဖြစ်ပြီး အီရန်စွမ်းအင်ကဏ္ဍကို အသစ်တဖန် တိုက်ခိုက်ရန် အသင့် ရှိကြောင်း ဟက်ဂ်ဆက်သ် ပြောကြား

(နိုင်ငံတကာ) ဧပြီ ၁၆

     ​အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်(Pete Hegseth)က အီရန်ဆိပ်ကမ်းများအပေါ် စစ်ရေးအရ ပိတ်ဆို့ထားမှုကို “လိုအပ်သရွေ့” ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အီရန်၏ စွမ်း အင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် “အသင့်အနေအထား”(Locked and Loaded)တွင် ရှိနေကြောင်း သတိပေးလိုက်သည်။

​     ကြာသပတေးနေ့က ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် ဟက်ဂ်ဆက်သ်က လက်ရှိ ယာယီအပစ်ရပ်စဲထားစဉ်အတွင်း အီရန်စစ်ဘက်၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ “ခင်ဗျားတို့ရဲ့ လှုပ်ရှားမှုတွေက ကျွန်တော်တို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ပေါ်လွင်လာတာနဲ့အမျှ ကျန်ရှိနေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ စွမ်းအင်လုပ်ငန်းတွေအပေါ် ကျွန်တော်တို့က အသင့်ချိန်ရွယ်ထားပြီးသား ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

​     အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး ဒန်ကိန်းကလည်း လက်ရှိအချိန်အထိ အီရန်ဆိပ်ကမ်းများမှ ထွက်ခွာလာသည့် သင်္ဘော ၁၃ စင်းကို သတိပေးချက်ဖြင့် လှည့်ပြန်ခိုင်းနိုင်ခဲ့ကြောင်းနှင့် အကယ်၍ ပိတ်ဆို့မှုကို မလိုက်နာပါက အင်အားသုံး၍ နှိမ်နင်းသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

​     အမေရိကန်ဘက်က သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် “ရွှေတံတား” တစ်စင်း ခင်းကျင်းပေးထားကြောင်း ပြောဆိုနေသော်လည်း၊ တီဟီရန်ဘက်တွင်မူ အမေရိကန်အပေါ် မယုံကြည်မှုများ နက်ရှိုင်းနေဆဲဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက မီဒီယာများတွင် ဖော်ပြနေသည့် အကောင်းမြင်မှုများသည် သမ္မတထရန့်က စျေးကွက်များတွင် အသုံးချရန် လုပ်ဆောင်နေသည့် PR လုပ်ငန်းတစ်ခုသာဖြစ်ကြောင်း ဝေဖန်နေကြသည်။

​     အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်ကမူ အီရန်၌ တိုက်ပွဲများ ရပ်တန့်ရေးကဲ့သို့ပင် လက်ဘနွန်အပေါ် အစ္စရေး၏ ကျူးကျော်မှုကို အပစ်ရပ်စဲရန်မှာလည်း အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးမှာ ဆွေးနွေးပွဲများ၏ အဓိက အငြင်းပွားဖွယ် အချက်တစ်ချက် ဖြစ်နေပါသည်။

​#US #Iran #Pentagon #PeteHegseth #MilitaryBlockade #EnergyWar #StraitOfHormuz #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN