မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ

(ပြည်တွင်း)ဖေဖော်ဝါရီ  ၁၆

       ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online  လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးခဲ့ကြသူ များကို  ‌စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ပြည်ပနိုင်ငံသား ၇၉၉ ဦးကို  ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

       အဆိုပါ  ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံ သားများအနက်  ၆၁ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ် တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။

        ထို့ပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ပနိုင်ငံသား ၆၉ ဦးကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ပနိုင်ငံသား ၂၀၀ ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြည်ပနိုင်ငံသား ၄၆၉ ဦးကို လည်းကောင်း စုစုပေါင်း ၇၃၈ ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေး အချက် အလက်များနှင့် မှတ်တမ်းများကို  စာရင်းကောက်ယူပြီးဖြစ်သည်။

       အဆိုပါ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်းများမှတစ်ဆင့် တရား မဝင် ဝင်ရောက် လာသည့်  ပြည်ပနိုင်ငံသား ၇၉၉ ဦးသည်  တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂါန်ဒါ၊ ထိုင်းနိုင်ငံနှင့် တရုတ်(တိုင်ပေ) တို့မှ နိုင်ငံသား များဖြစ်ကြသည်။

        မြဝတီ- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်လျှက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံ များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

      အဆိုပါထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံ သားများ၏ စကားသံများကိုလည်း ယခုလို ကြား သိရပါတယ် –

Mr. Pon Wan Pin ( တရုတ်နိုင်ငံသား) 

         မြဝတီမြို့ ရွှေကုက္ကိုလ်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တရုတ်နိုင်ငံသား Mr. Zeng Hai Ming က ထိုင်းနိုင်ငံ  ဘန်ကောက်မြို့မှာ လစာ ယွမ် ၈ ထောင်ရတဲ့ အလုပ်ရမယ်ဆိုပြီး ဆက်သွယ်ခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ လေကြောင်းခရီးနဲ့ တရုတ်နိုင်ငံ ကွမ်တုံးလေဆိပ်ကနေ ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ လေဆိပ်ကို ရောက်တဲ့အခါမှာ ထိုင်းလူမျိုး ၁ ဦးက ကားနဲ့ လာကြိုပြီး ထိုင်းနိုင်ငံကနေ  မဲဆောက်မြို့ကို ထွက်လာခဲ့ပါတယ်။ ၈ နာရီကြာ ကားစီးပြီး မဲဆောက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီက နေ သောင်ရင်းမြစ်ကို ဖြတ်ပြီးတဲ့အခါ သူငယ်ချင်း Mr. Zeng Hai Ming က ကားနဲ့ လာကြို ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ မယ်ထော်သလေး ဒေသမှာရှိတဲ့ တရုတ်လူမျိုး Shi Sam ပိုင်ဆိုင်တဲ့ Ti Can ကုမ္ပဏီကို ရောက်ရှိခဲ့တယ်။ အဲဒီကုမ္ပဏီမှာ ကျွန်တော် ၃ လခန့် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီကတစ်ဆင့် KK Park  မှာရှိတဲ့ တရုတ်လူမျိုး  Di Jen ပိုင် ဆိုင်တဲ့ Zho Ye ကုမ္ပဏီကို အပို့ခံရပြီး ၄ လခန့် အလုပ်လုပ်ခဲ့ရပါတယ်။ အဲဒီနောက် ရွှေကုက္ကိုလ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ရောက်ရှိပြီး တရုတ်လူမျိုး Long Liu ပိုင်ဆိုင်တဲ့ Chiang Ying ကုမ္ပဏီမှာ Online ကနေ ကွန်ပျူတာနဲ့ Customer ရှာဖွေတဲ့ အလုပ်ကို နေ့စဉ် ည ၉ နာရီကနေ နောက်နေ့ ညနေ ၅ နာရီအထိ လုပ်ပေးခဲ့ရပါတယ်။ ဒီလို လုပ်ရပေမယ့် လစာမရရှိခဲ့ပါဘူး။

Mrs. Xiao Shuang ( တရုတ်နိုင်ငံသူ)

Online ကတစ်ဆင့်  အလုပ်ခေါ်စာတွေ့လို့ အလုပ်လျှောက်ခဲ့ပါတယ်။ လုပ်ရမယ့် အလုပ်က အလှပြင် ဆိုင်မှာ လုပ်ရမယ်ဆိုပြီး လစာက တစ်လကို ယွမ် ၁၅၀၀၀ ရမယ်လို့ သိရတဲ့အတွက် ကုမ္ပဏီရဲ့ ချိတ်ဆက်မှုနဲ့ ကျွန်မရဲ့ ယောင်္ကျားဖြစ်တဲ့ Mr. Xiao Xihe နဲ့အတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ တရုတ်နိုင်ငံကနေ လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လာခဲ့ပါတယ်။ ဘန်ကောက်လေဆိပ်ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး အားဝေက လာကြိုပြီး မဲဆောက်မြို့ကို ကားနဲ့ပို့ပေးခဲ့တယ်။ ဒီလိုပို့ပေးတဲ့အခါမှာ ထိုင်းနိုင်ငံက စစ်ဆေးရေးဂိတ် ၄ ဂိတ်ကို ဖြတ်သန်းသွားရပေမယ့် စစ်ဆေးမေးမြန်းတာတွေ မရှိခဲ့ပါဘူး။ ကားနဲ့ ၇ နာရီခန့်ကြာ စီးပြီး သောင်းရင်းမြစ်ကမ်းကို ရောက်ရှိခဲ့တယ်။ အဲဒီက တစ်ဆင့် သောင်ရင်းမြစ်ကို စက်လှေနဲ့ဖြတ်ကူးပြီး ကမ်း တစ်ဖက်ကို ရောက်တဲ့ အခါမှာ တရုတ်လူမျိုး ၁ ယောက်က ကားနဲ့လာခေါ်ပြီး ရွှေကုက္ကိုလ်ကို ပို့ပေးခဲ့တယ်။ အဲဒီက အလှပြင်ဆိုင်မှာ ၅ လခန့် အလုပ်လုပ်ခဲ့ပြီး ဘတ်ငွေ ၁၅၀၀၀ ခန့် ရရှိခဲ့ပါတယ်။ ကျွန်မ အလုပ်လုပ်တဲ့ဆိုင်က ကျွန်မယောင်္ကျား အလုပ်လုပ်တဲ့ဆိုင်နဲ့ ဘေးချင်းကပ်လျက်ပဲ ဖြစ်ပါတယ်။

Mr. Yu‌ Yong Bing ( တရုတ်နိုင်ငံသား)

         Online ပေါ်ကနေ ခင်မင်ရင်းနှီးတဲ့ တရုတ်လူမျိုး အမျိုးသားတစ်ဦးက ယူနန်မှာ အလုပ်လုပ်ရမယ်ဆိုပြီး လာခေါ်ပါတယ်။ သူကပဲ ဘန်ကောက်မှာ အလုပ်ရှိတယ်လို့ ပြောပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ယူနန်ကနေ ဘန်ကောက်ကို ထွက်လာခဲ့ပါတယ်။ ဘန်ကောက်ကို ရောက်ရှိတဲ့အခါ တရုတ်လူမျိုးတစ်ဦးက လာကြိုမယ့် ကားနံပါတ်ကို Viber ကနေတစ်ဆင့် ပို့ပေးခဲ့တယ်။ အဲဒီကားနဲ့ ထွက်ခွာလာပြီး ညနေပိုင်းမှာ မဲဆောက်ကို ရောက်တယ်။ မဲဆောက်ကတစ်ဆင့် ရွှေကုက္ကိုလ်မှာရှိတဲ့ Hing Tu ကုမ္ပဏီမှာ အလုပ်ရတယ်။ အလုပ်က Online ကတစ်ဆင့် Customer ရှာဖွေတဲ့ အလုပ်ကို လုပ်ခဲ့ရတယ်။

Mrs. Hou Mei Xin ( တရုတ်နိုင်ငံသူ)

         ရွှေကုက္ကိုလ်မှာ အလုပ်လုပ်ဖို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံကနေ လေယာဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လာခဲ့ပါတယ်။ ဘန်ကောက်မြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး ၁ ဦးက အသင့်လာကြိုပါတယ်။ ဘန်ကောက်ကနေတစ်ဆင့် တရုတ်လူမျိုး ၄ ဦးနဲ့အတူ စက်လှေနဲ့ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ရွှေကုက္ကိုလ်ကို ရောက်ခဲ့ပါတယ်။ တရုတ်လူမျိုး ပိုင်တဲ့ Heng Chuang ကုမ္ပဏီမှာ အလုပ် ဝင်လုပ်ခဲ့ ပါတယ်။ နေ့တိုင်း ည ၈ နာရီကနေ အချိန်အကန့်အသတ်မရှိ Chatting လုပ်ပြီး Customer တွေ ရှာဖွေပေးရတဲ့ အလုပ်ကို လုပ်ပေးရပါတယ်။ အလုပ်ဝင်ချိန်ကတည်းက အခုထိ လစာ မရရှိခဲ့ပါဘူး။

Mr. Yuan Zong Liang ( တရုတ်နိုင်ငံသား)

         ကွမ်တုံမြို့က သူငယ်ချင်းဖြစ်တဲ့ Xu Feng က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ တစ်လ  ဘတ် ၇၀၀၀ ရမယ်ဆိုပြီး အလုပ်လုပ်ဖို့  ကမ်းလှမ်းခဲ့ပါတယ်။ သူရဲ့ စီစဉ်ပေးမှုနဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှာ ကွမ်တုံလေဆိပ်ကနေ ဘန်ကောက်မြို့ကို လေယာဉ်နဲ့ သွားခဲ့ပါတယ်။ အဲနေ့ နေ့လယ်ပိုင်းမှာ ဘန်ကောက်မြို့ကို ရောက်တဲ့အခါမှာ သူစီစဉ်ပေးထားတဲ့ ထိုင်းလူမျိုး ၁ ဦးက ကားနဲ့လာကြိုပါတယ်။ ည ၇ နာရီ ကျော်တဲ့အချိန်မှာ ချောင်းတစ်ခုကို ရောက်ပြီး စက်လှေနဲ့ တစ်ဖက်ကမ်းကို ကူးခဲ့ပါတယ်။ တစ်ဖက်ကမ်းကို ရောက်တဲ့အချိန်မှာ အမျိုးသားတစ်ဦးက လာကြိုပြီး ရွှေကုက္ကိုလ်က ရထိုက်ကုမ္ပဏီကို ရောက်ရှိခဲ့ပါတယ်။ အဲဒီကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် လိမ်လည်ရမယ့် Facebook  အကောင့်တွေ ရှာဖွေရတဲ့အလုပ်ကို လုပ်ခဲ့ ရပါတယ်။ နေ့တိုင်း ည ၁၀ နာရီကနေ နောက်နေ့ မွန်းလွဲ ၂ နာရီထိ လုပ်ကိုင်ရပြီး တစ်လ ဘတ်ငွေ ၄၀၀၀ သာ ရရှိခဲ့ပါတယ်။

#PAN