ဗာဂျီးနီးယား ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ဂျပ်စတင် ဖဲလ်ဖက်စ် ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်

(နိုင်ငံတကာ) ဧပြီ ၁၇

     ​အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် ၏ ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ဂျပ်စတင် ဖဲလ်ဖက်စ် (Justin Fairfax) သည် ဇနီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အာဏာ ပိုင်များက အတည်ပြုပြောကြားခဲ့သည်။

​     အသက် ၄၇ နှစ်အရွယ် နိုင်ငံရေးသမား ဂျပ်စတင် ဖဲလ်ဖက်စ်နှင့် ၎င်း၏ဇနီး အသက် ၄၉ နှစ်အရွယ် သွားဘက်ဆိုင်ရာဆရာဝန်မကြီး စရီနာ ဖဲလ်ဖက်စ် (Cerina Fairfax) တို့ကို မြောက်ပိုင်းဗာဂျီးနီးယားရှိ ၎င်းတို့၏ နေအိမ်၌ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆို ပါဖြစ်ရပ်ကို ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူက သန်းခေါင်ယံအချိန်တွင် ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကလေးနှစ်ဦးစလုံး အိမ်၌ရှိနေကြောင်း သိရသည်။

​     ရဲတပ်ဖွဲ့၏ အဆိုအရ ယခုဖြစ်ရပ်သည် ဇနီးမောင်နှံအကြား ရှည်လျားစွာဖြစ်ပွားနေသည့် ကွာရှင်းပြတ်စဲရေး အငြင်းပွားမှုများနှင့် ဆက်စပ်နေကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၂၄ ခုနှစ်ကတည်းက လမ်းခွဲခဲ့ကြသော်လည်း အိမ်တစ်လုံးတည်းတွင် ဆက် လက်နေထိုင်နေကြသူများဖြစ်သည်။ ဖဲလ်ဖက်စ်သည် မကြာသေးမီကမှ တရားရုံးဆိုင်ရာ စာရွက်စာတမ်းအချို့ကို လက်ခံရရှိခဲ့ပြီးနောက် ယခုကဲ့သို့ အကြမ်း ဖက်မှုအထိ ဦးတည်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲမင်း ကြီး ကီဗင်ဒေးဗစ်က ရှင်းပြခဲ့သည်။

​     ဂျပ်စတင် ဖဲလ်ဖက်စ်သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဗာဂျီးနီးယားပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် တစ်ချိန်က ဒီမိုကရက်တစ်ပါတီအတွင်း အလား အလာအရှိဆုံး လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့သော်လည်း၊ ရာထူးသက်တမ်းအတွင်း လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံရေးဩဇာ ကျဆင်းသွားခဲ့သူဖြစ်ပါသည်။

     ယခုဖြစ်ရပ်အပေါ် ဗာဂျီးနီးယားပြည်နယ်ရှိ လွှတ် တော်အမတ်များနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသူများက များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ကျန်ရစ်သူ သားသမီးနှစ်ဦးအတွက် ဆုတောင်းမေတ္တာပို့သကြောင်း ထုတ်ပြန်ပြောကြားထားကြသည်။

​#USNews #Virginia #JustinFairfax #Tragedy #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN