တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့တွေဆီ ဇန်နဝါရီလအတွင်းက သတင်းမှား ရှစ်ကြိမ် ပေးပို့ခံရဟုဆို


(ပြည်တွင်း) ဖေဖော်ဝါရီ ၆

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တာဝန်သိ ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှုတွေကြောင့် သတင်းရရှိမှု ၆၃ ကြိမ် ရရှိခဲ့ပေမယ့် သတင်းမှားရှစ်ကြိမ်နဲ့ နောက်ကျသတင်းတစ်ကြိမ်ရရှိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံက သိရပါတယ်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့တွေဆီရောက်ရှိခဲ့တဲ့သတင်းတွေကြောင့် တရားမဝင်ကုန်စည်နှင့်ဝန်ဆောင်မှုတွေ ဖမ်းဆီးရမိမှုဟာ ၅၄ ကြိမ်ထိရှိခဲ့တယ်လို့လည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ပြောပါတယ်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တွေ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်တဲ့ One Stop Service ဌာနဆိုင်ရာအဖွဲ့တွေက နယ်စပ်ဝင်ထွက် ဂိတ်တွေ၊ နယ်စပ်ကုန်သွယ်ရေးရုံးနဲ့ စခန်းတွေ အမြဲတမ်းစစ်ဆေးရေးစခန်းတွေ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နဲ့ ကုန်ပစ္စည်းသိုလှောင်ရုံတွေ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း လေဆိပ်၊ ကမ်းရိုးတန်းဆိပ်ကမ်းတွေမှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်နေလို့ သတင်းအချက်အလက်ရရှိမှုဟာ အလွန်အရေးပါတယ်လို့လည်း ဆိုပါတယ်။

သတင်းရရှိခဲ့လို့ ဖမ်းဆီးရမိအမှုတွဲ ၈၁ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုတွေမှာ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းတွေ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ကုန်ပစ္စည်း ၅၅ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုးကျပ် ၉၂၄ ဒသမ ၀၆၉ သန်းနဲ့ တရားမဝင်ကုန်စည်တွေ တင်ဆောင်လာတဲ့ မော်‌တော်ယာဉ်တွေအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းပေးတိုင်ကြားခဲ့တဲ့ တာဝန်သိပြည်သူတွေကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် ၉၂၄ ဒသမ ၀၆၉ သန်းရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁၈၄ ဒသမ ၈၁၃ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမှာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေက မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေးဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် တာဝန်သိပြည်သူတွေအနေနဲ့ တရားမဝင်ကုန်သွယ်မှုသတင်းတွေနဲ့ ပတ်သက်ပြီး လက်ကိုင်ဖုန်း – ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ် လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နဲ့ အီးမေးလ် antiillegaltradeinfo@gmail.com ကို သတင်းပေးပို့တိုင်ကြားနိုင်တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဆီက သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN