ခန္ဓာကိုယ်ကျန်းမာရေးနဲ့ Collagen အရေးပါးပုံ

(ကျန်းမာရေး)ဖေဖော်ဝါရီ ၇

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ Collagen အရေးပါးပုံအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Collagen(ကော်လာဂျင်) ဆိုတာဘာလဲ

      Collagen ဆိုတာဟာ နို့တိုက်သတ္တဝါတွေမှာ ပမာဏ အများဆုံးတွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့ ပရိုတင်းတွေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ဟာ Collagen တွေ ဖြစ်ပါတယ်။ သူ့ကို ကိုယ်ခန္ဓာတစ်ခုလုံးကို တွယ်ကပ်ပေးထားတဲ့ ကော် အဖြစ်လည်း တင်စားပြောဆိုကြပါတယ်။ Collagen ကို အမျှင်တစ်ရှူးတွေဖြစ်တဲ့ အရေပြား၊ အရွတ်နဲ့ အရိုးတွေ၊ သွေးကြောတွေ၊ မျက်ကြည်လွှာနဲ့ အူတွေထဲမှာ တွေ့ရတတ်ပါတယ်။

Collagen ရဲ့ ဂုဏ်သတ္တိများ

     Collagen ဟာ ဆန့်နိုင်အား အလွန်ကောင်းမွန်ပြီး ကိုယ်ခန္ဓာတစ်ရှူး အများစုကို အထောက်အပံ့ ပေးပြီး ဆဲလ်တွေရဲ့ ပုံပန်းသဏ္ဍာန်ကို အပြင်ကနေ ပေးစွမ်းတဲ့ ရှည်လျားပြီး အမျှင်ပုံစံရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။

      Collagen ဟာ သွေးကြောတွေ သန်မာစေဖို့၊ အရေ ပြားကျုံ့နိုင်စွမ်းအားရှိဖို့နဲ့ အားအင်ပြည့်ဖို့အတွက် အရေးကြီးပါတယ်။ Collagen နည်းပါးခြင်းဟာ အရေးအကြောင်းတွေ ဖြစ်ပွားစေပြီးတော့ အခြားအရေပြား ပြဿနာတွေကိုလဲ ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် Collagen ဟာ အသက်ကြီးတဲ့ လူတွေမှာ သူ့ရဲ့ အရေပြားကို ကုသပေးတဲ့ ဂုဏ်သတ္တိကြောင့် ထင်ရှားတဲ့ ဖြည့်စွက်သုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။

       Amino acid တစ်မျိုးဖြစ်တဲ့ အလျောက် Collagen က Amine နဲ့ carboxylic acid တွေကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ Collagen မှာ ပါဝင်တဲ့ အရာတွေကတော့ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်နဲ့ ကာဗွန် တို့ဖြစ်ပါတယ်။

      Collagen ဟာ သုံးပင်လိမ် သဏ္ဍာန် ရှိပါတယ်။ Amino acid သုံးမျိုးဖြစ်တဲ့ glycine, proline, hydroxyproline တို့က သူ့ရဲ့ သုံးပင်လိမ် ပုံစံကို ပေးစွမ်းပါတယ်။ Collagen ရဲ့ ပေါင်းစပ်မှုဟာ hydroxyproline အများအပြားပါဝင်တာကြောင့် ထူးခြားတဲ့ ပုံစံမျိုး ရှိပါတယ်။

Collagen ဘယ်နှစ်မျိုးရှိလဲ

      Collagen ဆိုတာ Amino acid တွေပေါင်း စည်းရာမှ ဖြစ်ပေါ်လာတာမို့ ပါဝင်တဲ့ Amino acid အမျိုးအစား နဲ့ အချိုးအစား ကို လိုက်ပြီး ၅ မျိုးခွဲထားပါတယ်။
Type I:  အရေပြား၊ အရွတ်၊ သွေးကြော၊ ကလီစာ နဲ့ အရိုးတွေမှာ တွေ့ရတဲ့ အမျိုးအစား

Type II: အရိုးနု မှာတွေ့ရတဲ့ အမျိုးအစား

Type III: Type I နဲ့တူတူ တွဲတွေ့ရတတ်ပြီး တွယ်ဆက်ကြွက်သားတွေမှာ တွေ့ရတတ်တဲ့ အမျိုးအစား

Type IV: ကိုယ်တွင်း ကလီစာတွေရဲ့ အတွင်းလွှာမှာရှိတဲ့ အမျိုးအစား

Type V: ဆဲလ်အပေါ်ယံလွှာ၊ ဆံပင်နဲ့ အချင်း မှာရှိတဲ့ အမျိုးအစား

Collagen ကဘာလုပ်ပေးလဲ

      သူရောက်နေတဲ့ နေရာ ပေါ်လိုက်ပြီး တည် ဆောက်ပုံကြာရှည်ခံဖို့၊ တင်းရင်းဖို့ ကို စွမ်းဆောင်ပေးတာပါ။ နှိုင်းရရင် ဘိလပ်မြေလိုပေါ့။ collagen ရှိနေရင် အားလုံး တင်းတင်းရင်းရင်း ဖြစ်နေတဲ့ အတွက် နုပျိုခြင်းရဲ့ အုတ်မြစ် (foundation of youth) လို့တောင် တင်စားထားရပါတယ်။ အဓိကအကျဆုံး လုပ်ဆောင် ချက်တွေကို ပြောပါဆိုရင်တော့

•  အသားအရေကို တင်းရင်းစေတဲ့အတွက် အိုမင်းရင့်ရော်မှုကို လျော့ကျနှောင့်နှေးစေတယ်။
• ကြွက်သားဖွံ့ဖြိုးမှုကို အားပေးတဲ့ အတွက် ကျစ်လစ်သန်မာစေပြီး အဆီတွေကို ချေဖျက်လျော့ပါးစေတယ်။
• အရွတ်နဲ့ အရိုးတွေကို သန်မာစေပြီး အဆစ်အမြစ်နာကျင်မှုကို လျှော့ချပေးတယ်။
• အူလမ်းကြောင်းနံရံတွေကို အစာခြေဖျက်စုပ်ယူမှုအားကောင်းလာအောင် ပံ့ပိုးကူညီပေးတယ်။
• ခြေသည်းလက်သည်းနဲ့ ဆံပင်တွေကို တောက်ပြောင်လှပစေတယ်။
• နှလုံးကျန်းမာရေး အတွက် အထောက်အကူပေးတယ် စသည်ဖြင့်ပေါ့ကွယ်။

Collagen ကို ဘယ်မှာသုံးလဲ

      ဆေးပညာ အရ –
• မီးလောင်နာ ကဲ့သို့ ဒဏ်ရာတွေ အနာကျက်မြန်အောင်ကုသခြင်း။
• အစားထိုး ပြုပြင် ခွဲစိတ်ကုသခြင်း ( reconstructive surgery )။
• တစ်ရှူးအသစ်များဖြစ်ပေါ်လာစေရန် အခြေခံ ပစ္စည်း အနေဖြင့် အရိုးအကြော ဆိုင်ရာ ခွဲစိတ်မှုများ တွင် အစားထိုးပစ္စည်း အဖြစ်အသုံးပြုကြပါတယ်။

အလှအပရေးရာ  အတွက်ဆိုရင်တော့

      ဖြည့်စွက်စာ အဖြစ် အများဆုံး အသုံးပြုကြတာကို တွေ့ရှိရပါတယ်။ စျေးကွက်ထဲ တွေ့နေကြ collagen capsule တွေ၊ drink တွေ ဆိုတာက အူလမ်းကြောင်းမှ စုပ်ယူ ခြေဖျက် နိုင်အောင်ပြု ပြင်ထားတဲ့ collagen အမျိုးအစားပါ။ အဲဒီ စားသုံးလိုက်တဲ့ collagen ဖြည့်စွက်စာရဲ့ ၉၀% ကတော့ ပိုမို သေးငယ်တဲ့ မော်လီကျူးပုံစံ ပြောင်းသွားပြီး တစ်နာရီ အတွင်း သွေးကြောထဲ ရောက်ရှိသွားမှာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အစိတ် အပိုင်းတွေဆီ ဆက်လက် ရောက်ရှိသွားမှာပါ။

Collagen နဲ့ အသက်ကြီးခြင်း

      အသက်ကြီးလာတာနဲ့ အမျှ Collagen ထုတ် လုပ်မှုဟာ ကျဆင်းလာပြီးတော့ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဆဲလ်ပုံစံတွေဟာလည်း သူတို့ရဲ့ အားအင်တွေ ပျောက်ဆုံးလာပြီး ပျက်ယွင်းလာတတ်ပါတယ်။

       ဒါ့ကြောင့် အရေပြားဟာ ပိုပြီးတော့ အထိမခံဖြစ်လာတယ်၊ ကျုံ့ဆန့်နိုင်စွမ်း နည်းပါးလာတယ်၊ ပြီးတော့ အရေးအကြောင်းတွေ ဖြစ်ပေါ် လာတယ်။ ဒါ့ပြင် ဆံပင်မွှေးတွေဟာလည်း သူ့ရဲ့ အရောင်၊ ပျော့ ပျောင်းမှု ပျောက်ဆုံးလာပြီး အရိုးတွေဟာလည်း စတင် ပျက်ဆီးလာပါတယ်။

      လူတွေဟာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်လာတဲ့အခါမှာ Collagen ထုတ်လုပ်မှုကို အားပေးတဲ့ နည်းလမ်းတွေကို ရှာဖွေလာကြပါတယ်။ ထိုးဆေးတွေကိုတော့ အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ပျောက်စေဖို့ အလွန်အသုံးများလာကြပါတယ်။

       အရေပြားသုတေသနလေ့လာမှုတစ်ခုအရ Dermal fillers လို့ ခေါ်တဲ့ ထိုးဆေးတွေဟာ hyaluronic acid ပါဝင်ပြီး Collagen ထုတ် လုပ်မှုကို အားပေးကာ ပျက်စီးနေတဲ့ အရေပြားရဲ့ ပုံသဏ္ဍာန်ကို ပြန်လည် ထိန်းသိမ်းပေးပါတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

သဘာဝရဲ့ Collagen

      Collagen ကို ခန္ဓာကိုယ်ကနေ အလိုအလျောက် ထုတ်ပေးပေမယ့် အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ထုတ်လုပ်မှု လျော့ကျလာပြီး ယိုယွင်းလာပါတယ်။  အသက် ၂၅ ကျော်လာရင် ခန္ဓာကိုယ်ရဲ့ collagen ထုတ်လုပ်မှုဟာ တစ်နှစ်ကို 1% နှုန်းနဲ့ ကျလာပါသတဲ့။ အဲဒီ အတွက် collagen များများပါတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်စာတွေကိုစားသုံးဖို့ လိုလာပါတယ်။ collagen တည်ဆောက်ရေး အတွက်ဆိုရင် အသားဓာတ် နဲ့ vitamin C ကိုပါ လုံလောက်အောင် စားသုံးပေးဖို့ လိုပါတယ်။

      သဘာဝ အတိုင်း collagen ပါဝင်မှု မြင့်မားတဲ့ အစားအစာတွေကတော့ ပင်လယ်ငါး၊ ကမာ ၊ ပဲပုပ်ပဲ ၊ စားတော်ပဲ၊ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေ ၊ ရောင်စုံငရုတ်ပွ နဲ့  အရိုးပြုတ်ရည် တို့ဖြစ်ပါတယ်။ အရိုးပြုတ်ရည် ဟာဆိုရင် သက်ကြီးပိုင်းတွေ အတွက်လည်း သင့်တော်ပြီး ကိုယ် အလေးချိန်ထိန်းချင်သူတွေပါ သောက်သုံးနိုင်တဲ့ အဟာရတန်ဖိုးမြင့် အစားအစာ တစ်မျိုး ဖြစ်ပါတယ်။

ဖြည့်စွက်စာ Collagen

       နေ့စဉ် collagen ကို ပြည့်ဝစွာရချင်တယ်ဆိုရင်တော့ အသင့်ထုတ်ထားတဲ့ collagen capsule တွေ၊ ဖျော်ရည်အမှုန့်တွေ၊ အချိုရည် တွေ ရှိပါတယ်။ သန့်စင်တဲ့ collagen ပါဝင်မှုများလေ စျေးနှုန်းမြင့်လေပါပဲ။ တစ်ခု သတိထားရမှာက collagen သောက်တဲ့ အခါ အစာအိမ်နဲ့ အူလမ်းကြောင်း မှ စုပ်ယူရလွယ်ကူအောင် အစာစားချိန်နဲ့ အနည်းဆုံး  ၂ နာရီခန့်ခွာရပါမယ်။

သတိပြုရန်

       ဘယ်ဟာမဆို အတိုင်းအတာ ရှိသလို ဘေးထွက်ဆိုးကျိုး ဆိုတာရှိပါတယ်။ လှချင်ဇော နဲ့ အလွန်အကျွံ သောက်သုံးမိတဲ့ အခါ ကိုယ်တွင်း calcium ဓာတ်မြင့်တက်လာနိုင်ပြီး မောပန်းလွယ် ခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန် မမှန်ခြင်း စတဲ့ လက္ခဏာတွေပေါ်လာနိုင်ပါတယ်။ မိမိသောက်သုံးတဲ့ collagen က ပင်လယ်သတ္တဝါ ကနေ ထုတ်ယူ ဖော်စပ်ထားတာဆိုရင် အလွန် အကျွံသောက်သုံးမိတဲ့အခါ  ဒီလိုလက္ခဏာတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။
(Crd; Hello Sayarwon)

#PAN