အီးယူက စွမ်းအင်ဖူလုံရေးအတွက် အာမခံချက်မပေးနိုင်ပါက ရုရှားအပေါ်ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို ဟန်ဂေရီက ဗီတိုအာဏာဖြင့် ကန့်ကွက်မည်


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁

အီးယူအနေဖြင့် စွမ်းအင်ဖူလုံရေးအတွက် အာမခံချက်မပေးနိုင်ပါက ဟန်ဂေရီနိုင်ငံက ၆ လအတွင်း ရုရှားနိုင်ငံအပေါ် အီးယူ၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းအား ဗီတိုအာဏာဖြင့် ကန့်ကွက်မည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် က ဇန်နဝါရီလ ၃၁ ရက်တွင် ပြောသည်။

ဥရောပကော်မရှင်က မိမိတို့သဘောတူထားသည့်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက ရုရှားအပေါ်ချမှတ် ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားရမည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် မိမိတို့အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရနိုင်ရေး ဆွေးနွေးရမည်ဖြစ်ကြောင်း အော်ဘန် က ဟန်ဂေရီအသံလွှင့်ဌာနတစ်ခုဖြစ်သည့် Kossut နှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ဟန်ဂေရီပြည်သူများသည် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုကြောင့် ထိခိုက်မှုများကို ဆက်လက် ခံစားနေရပြီး ယူကရိန်းနိုင်ငံ၏ ရိုင်းပျပြီးလေးစားမှုမရှိသော အပြုအမူများနှင့်လည်း ရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်လက်ပြောခဲ့ကြောင်း Izvestia တွင် ဖော်ပြထားသည်။

ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများ သက်တမ်းတိုးခြင်းကို ဟန်ဂေရီက ကန့်ကွက်ခြင်းမရှိစေရန်အတွက် ရုရှားမှဓာတ်ငွေ့များကို ယူကရိန်းနိုင်ငံမှတစ်ဆင့် ဖြတ်သန်း၍ ဟန်ဂေရီနိုင်ငံသို့ ပေးပို့နိုင်ရန်အတွက် ယူကရိန်းအစိုးရနှင့် စေ့စပ်ဆွေးနွေးပေးမည်ဟု ဥရောပကော်မရှင်က ကတိပြုထားကြောင်း သိရသည်။

ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့် ဟန်ဂေရီနိုင်ငံက တစ်နှစ်လျှင် ယူရို ၆ ဒသမ ၅ ဘီလီယံ ဆုံးရှုံးနေရသောကြောင့် အဆိုပါပိတ်ဆို့မှုအားဖယ်ရှားရန် ဆန္ဒရှိနေကြောင်း အော်ဘန် က ဆက်လက်ပြောကြား ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံက ဒွန်ဘတ်ဒေသရှိ ပြည်သူများအားကာကွယ်ရန်အတွက် ယူကရိန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ အထူးစစ်ဆင်ရေးစတင်ဆင်နွှဲပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN