ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကွင်းကို ကာမီကာဇီဒရုန်း ၂လုံးကျရောက်ပေါက်ကွဲ ၁ ဦး ဒဏ်ရာရ


(ပြည်တွင်း) ဇန်နဝါရီ ၃၁

ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို နှစ် ၇၀ပြည့်အဖြစ် ပြုလုပ်ခဲ့တဲ့ KNU ဌာနချုပ်အနီးက ကလို့ယော်လေး ကွင်းပြင်အနားကို ကာမီကာဇီဒရုန်း ၂ လုံးကျရောက်ပေါက်ကွဲခဲ့လို့ အနီးအနားမှာရှိနေသူတစ်ဦး ဒဏ်ရာရရှိတယ်လို့ KNU/KNLA ရဲ့ မီဒီယာဖြစ်တဲ့ KIC က ရေးသားထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ-၇ နယ်မြေမှာရှိတဲ့ ဌာနချုပ်နယ်မြေအနီးက ကလို့ယော်လေး ကွင်းပြင်အနားကို ဒီနေ့ မနက် ၇နာရီခွဲကျော်အချိန်လောက်မှာ ကာမီကာဇီ အသေခံဒရုန်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ကေအိုင်စီကပြောပါတယ်။

ယနေ့ကျရောက်တဲ့ ၇၆ နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ကိုတော့ လုံခြုံရေးအရလို့ဆိုကာ နေရာတွေခွဲပြုလုပ်နေတာဖြစ်ပြီး မကြာသေခင်က ပြန်လည်ပစ်ခတ်သိမ်းယူလိုက်တဲ့ မာနယ်ပလောမှာလည်း ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

KNU ဌာနချုပ်အနီးက ကလို့ယော်လေး ကွင်းပြင်အနားကိုကျရောက်ပေါက်ကွဲခဲ့တဲ့ ကာမီကာဇီ အသေခံဒရုန်းတွေကို ဘယ်အဖွဲ့ကပစ်လွှတ်တယ်ဆိုတာကို KNU ကသိရှိထားတာမရှိပေမယ့် တပ်မတော်ကပစ်လွှတ်တယ်ဆိုပြီး ထင်ကြေးပေးပြောဆိုနေပါတယ်။

ကာမီကာဇီဒရုန်း ကျရောက်ခဲ့လို့ကွင်းအနီးက အဆောက်အဦးတစ်ခု၊ ကားတစ်စီး ထိခိုက်ပျက်စီးပြီး လူတစ်ဦးရဲ့ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ KIC က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်ကလည်း တပ်မဟာ-၇ နယ်မြေက KNLA ဗဟိုဌာနချုပ်အနီးကို ကာမီကာဇီ ဒရုန်း ၄ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN