ပါးချိတ်ရောင်ရောဂါအကြောင်း သိကောင်းစရာ

(ကျန်းမာရေး)ဇန်နဝါရီ  ၃၁

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ပါးချိတ်ရောင်ရောဂါအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      ပါးချိတ်ရောင်ရောဂါဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ကူးစက်ရောဂါ တစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါလည်း ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

      ပါးချိတ်ရောင် ဗိုင်းရပ်စ်ပိုး (Mumps virus) ကြောင့်ဖြစ်သည်။ ပါးချိတ်ရောင် ရောဂါပိုး ရှိသော ကလေးငယ်များ နှာချေ၊ချောင်းဆိုးရာမှ ထွက်လာသည့် အမှုန်အမွှားများမှတစ်ဆင့် လေထုထဲသို့ ပျံ့နှံ့ကူးစက်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။ အသက် (၂)နှစ် မှ (၁၂)နှစ်ကြား ကလေးများ (အထူးသဖြင့် ကာကွယ်ဆေး မထိုးထားသော ကလေးများ)တွင် အဖြစ်များပြီး လူကြီးများတွင် ရံဖန်ရံခါ တွေ့ရသည်။

ရောဂါလက္ခဏာများ

‌       ပါးချိတ်ရောင် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီးနောက် (၇) ရက်မှ (၂၁) ရက်အတွင်း လက္ခဏာများ ပေါ်လာတတ်သည်။ အများအားဖြင့် –
• ဖျားနာခြင်း။
• ခေါင်းကိုက်ခြင်း။
• ကိုယ်လက်ကိုက်ခဲခြင်း။
• ပင်ပန်းနွမ်းနယ်ခြင်း။
• အစားအသောက်ပျက်ခြင်း။
• ဗိုက်အောင့်ဗိုက်နာခြင်း တို့ကို ခံစားရသည်။

      အဖျားစတင်ပြီး (၂) ရက်၊ (၃) ရက်မြောက်တွင် နားရွက်အရှေ့ဘက်နှင့် အောက်ဖက်၌ ပါးချိတ်ဂလင်းများ တစ်ဖက်တည်း (သို့မဟုတ်) နှစ်ဖက်လုံး စတင်‌ရောင်ရမ်းပြီး နာကျင်ကိုက်ခဲလာသည်။ ပါးချိတ်ဂလင်းများ ရောင်ရမ်းခြင်းသည် (၇)ရက် မှ (၁၀)ရက်ခန့် ကြာနိုင်သည်။ ‌ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ကလေးများ၏ (၇၀) ရာခိုင်နှုန်းတွင် ပါးချိတ်ရောင်လက္ခဏာ တွေ့ရတတ်သည်။

နောက်ဆက်တွဲပြဿနာများ

      ပါးချိတ်ရောင်ရောဂါ၏ နောက်ဆက်တွဲပြဿနာအချို့မှာ-
• အဆစ်အမြစ်များ ရောင်ခြင်း။
• အဆုတ်ရောင်ရောဂါ (နမိုးနီးယား-pneumonia)ဖြစ်ခြင်း။
• ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါး (meningitis, encephalitis)ရောင်ခြင်း။
• ‌‌‌‌‌‌‌‌ဝှေးစေ့ ရောင်ခြင်း။
• သားဥအိမ် ရောင်ခြင်း။
• ပန်ကရိယ ရောင်ခြင်း။
• သိုင်းရွိုက်ဂလင်း ရောင်ခြင်း များဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

      ပါးချိတ်ရောင်ရောဂါသေချာပြီး ရောဂါပြင်းထန်မှု နှင့် နောက်ဆက်တွဲပြဿနာများမရှိလျှင် နေအိမ်၌ပင် ပြုစုနိုင်သည်။ သို့သော် လက္ခဏာများ ပြင်းထန်၍ ကလေးမသက်သာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ကုသရန်လိုသည်။ နောက်ဆက်တွဲ ပြဿနာများ၏ လက္ခဏာများဖြစ်သော –
• အစားမ၀င်ဘဲ မှိန်းနေခြင်း။
• အသက်ရှူမြန်၊ ရင်ဘတ်ချိုင့်ခြင်း။
• သတိလစ်ခြင်း၊ တက်ခြင်း၊ ကယောင်ကတမ်းပြောခြင်း။
• မခံမရပ်နိုင်အောင် ဗိုက်အောင့်ဗိုက်နာခြင်း စသည့် လက္ခဏာများ ရှိလာပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

       ပါးချိတ်ရောင်ရောဂါရှိသူနှင့် ထိတွေ့မှုရာဇဝင်၊ လက္ခဏာများအရ ပါးချိတ်ရောင်ရောဂါ ဖြစ်ကြောင်း လွယ်ကူစွာသိရှိနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။ တိကျစွာ စစ်ဆေးသိရှိလိုပါက ဓာတ်ခွဲခန်းတွင် ပဋိပစ္စည်း(Ig M antibody)ကို သွေးစစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်သည်။

ကုသခြင်း

      ဗိုင်းရပ်စ်ပိုး‌ကြောင့်ဖြစ်သော ကူးစက်ရောဂါ ဖြစ်သည့်အတွက် သီးသန့်ကုသဆေးမရှိဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကိုကုသ၍ သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်နိုင်သည်။
• ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ တိုက်ခြင်း။
• ကလေးအား အနားယူစေခြင်း။
• အရည်များများ တိုက်ခြင်း။
• နူးညံ့၍ အာဟာရရှိသော အစားအစာများကျွေးခြင်း။
• လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ် ကျင်းစေခြင်း။
• မျက်စိနာလျှင် အလင်းရောင် လျှော့ကြည့်စေခြင်း။
• ‌‌ရောင်နေသော ပါးချိတ်အား ရေခဲကပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။

ကာကွယ်ခြင်း

      ပါးချိတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးထိုးခြင်းသည် အထိ‌ရောက်ဆုံးကာကွယ်နည်း ဖြစ်သည်။ ၀က်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်း ကာကွယ်ဆေးအနေဖြင့် ထိုးနှံနိုင်သည်။ အသက် (၉လ – ၁နှစ်)မှ စတင်ထိုးနှံနိုင်ပြီး နှစ်ကြိမ်ပြည့်အောင် ထိုးနှံပေးခြင်းဖြင့် ပါးချိတ်‌ရောင်ရောဂါကို (၈၈) ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သည့်အပြင် ရောဂါ၏ နောက်ဆက် တွဲဆိုးကျိုးများကိုလည်း ကြိုတင်ကာကွယ်ရာရောက်သည်။

       ပါးချိတ်ရောင်ရောဂါသည် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သောကြောင့် ရောဂါပိုးရှိသူနှင့် နီးကပ်စွာနေခြင်းကို ရှောင်ကြဥ်သင့်သည်။ ထို့ပြင် အောက်ပါအချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်သည်။
• ရောဂါပိုးရှိသူနှင့် ထိ‌တွေ့ပြီးနောက် လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ လက်ဆေးရန်။

• တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးရန်။

• ချောင်းဆိုး၊နှာချေလျှင် လက်ကိုင်ပဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့်ကာရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်။

• မိမိ အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုရန်

• ရောဂါပိုး ကပ်ငြိနိုင်သော ပစ္စည်း၊မျက်နှာပြင်များကို မကြာခဏပိုးသတ်သန့်ရှင်းရန် စသည်တို့ဖြစ်သည်။

      ထို့အပြင် ပါးချိတ်‌ရောင်ရောဂါ ခံစားနေရသော ကလေးမှ အခြားကလေးများသို့ ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် လက္ခဏာများ စတင်ပေါ်သည့်နေ့မှ (၅)ရက်မြောက်ခန့်အထိ ကျောင်းသို့မလွှတ်ဘဲ အိမ်တွင်သာအနားယူရန် လိုအပ်သည်။
(Crd; CLL Health)

#PAN