နယူးယောက်မှ ပြန်လည်ရရှိသည့် ၁၃ ရာစုနှစ်သုံး ဗုဒ္ဓရုပ်ပွားတော်အား နီပေါနိုင်ငံတွင် ပြန်လည်ကိန်းဝပ်စံပယ်ခြင်း အခမ်းအနားကျင်းပ

(နိုင်ငံတကာ)မေ ၂

     ​​နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ ဘုရားကျောင်းတစ်ခုမှ လွန်ခဲ့သော ဆယ်စုနှစ် ၄ ခုခန့်က ခိုးယူခံခဲ့ရသည့် ၁၃ ရာစုနှစ် သက်တမ်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို မူလကိန်းဝပ်စံပယ်ရာနေရာသို့ သောကြာနေ့တွင် ပြန်လည်ပင့်ဆောင် ပူဇော်ခဲ့ကြောင်း သိရသည်။

၁၃ ရာစုနှစ်က ပြုလုပ်ခဲ့သည့် အဆိုပါရုပ်ပွားတော်ကို သောကြာနေ့တွင် ရိုးရာတေးဂီတသံများနှင့်အတူ ဝေါယာဉ်ဖြင့် မြို့တော် ခတ္တမန္ဒူရှိ ပုဂံပုံစံ (Pagoda-style) ဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့ကြသည်။

​      အဆိုပါ ရုပ်ပွားတော်သည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး နယူးယောက်ရှိ ယဉ်ကျေးမှုဗဟိုဌာနတစ်ခုသို့ ရောက်ရှိနေခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် နီပေါနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ် သည်။ ယခုအခါ ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား မြင်တော်မူရာ ဗုဒ္ဓဇယန္တိပွဲတော် (ကဆုန်လပြည့် ဗုဒ္ဓနေ့) နှင့် တိုက် ဆိုင်ကာ မူလဘုရားကျောင်းရှိ ကျောက်သားပလ္လင်ပေါ်တွင် ပြန်လည်ကိန်းဝပ် စံပယ်စေခဲ့ခြင်း ဖြစ်သည်။

​     နီပေါနိုင်ငံသို့ သုံးရက်ကြာ ရောက်ရှိနေသည့် အမေရိကန် အထူးသံတမန် Sergio Gor ကလည်း ဤအခမ်း အနားသို့ တက်ရောက်ခဲ့ပြီး “လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက လက်မှားတွေထဲ ရောက်သွားခဲ့တဲ့ ဒီလိုအံ့မခန်း ရှေးဟောင်းလက်ရာတွေကို ပြန်လည်ပင့်ဆောင်ပေးဖို့နဲ့ အတိတ်က အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ ကျွန်တော်တို့ အဓိကထား လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

​     နီပေါနိုင်ငံတွင် ရှေးဟောင်းရုပ်ပွားတော်များနှင့် အနု ပညာလက်ရာများသည် အနုပညာပစ္စည်းသက် သက် မဟုတ်ဘဲ ပြည်သူများ၏ နေ့စဉ်ဘဝနှင့် ယုံ ကြည်ကိုး ကွယ်မှု၏ အစိတ်အပိုင်းဖြစ်သော “ရှင်သန်နေသည့် အမွေအနှစ်များ” ဖြစ်သည်။

     နီပေါနိုင်ငံတွင် ၁၉၅၀ ပြည့်လွန်နှစ်များ၌ ပြင်ပကမ္ဘာသို့ တံခါးဖွင့်လိုက်ပြီးနောက်ပိုင်းတွင် ဘုရားကျောင်းများမှ ရုပ်ပွားတော်များနှင့် ရှေးဟောင်း ပစ္စည်းများ ခိုးယူခံရမှုမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်အထိ ရှေးဟောင်းပစ္စည်းပေါင်း ၂၀၀ ခန့် နီပေါနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး ၎င်းတို့ထဲမှ အနည်းဆုံး ၄၁ ခုကို မူလနေရာများတွင် ပြန်လည်ထားရှိပြီးဖြစ်သည်။

#Nepal #BuddhaStatue #HeritageReturn #Kathmandu #NewYork #AncientArt #PositiveAngleNews #BreakingNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN