တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဂင်ဟဲ(Gimhae) အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တင်လေယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွား


(နိုင်ငံတကာ) ဇန်နဝါရီ ၂၉

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ ဂင်ဟဲ(Gimhae)အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တင် လေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနများမှ ဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် ည ၁၀ နာရီ ၂၆ မိနစ်ခန့်တွင် ခရီးသည် ၁၆၉ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး၊ စုစုပေါင်း ၁၇၅ ဦး လိုက်ပါသည့် တောင်ကိုရီးယားနိုင်ငံမှ ဟောင်ကောင်သို့ပျံသန်းမည့် ခရီးသည်တင် လေယာဉ်သည် ဂင်ဟဲ(Gimhae)အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မထွက်ခွာမီ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်မီးလောင်မှုအတွင်း လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းနှင့် လေယာဉ်ပေါ်လိုက်ပါသူ အားလုံး ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း မီးသတ်အာဏာပိုင်များက ပြောကြားခဲ့သည်။

မီးလောင်မှုသည် လေယာဉ်အမြီးပိုင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အာဏာပိုင်များက ဆက်လက်ပြောကြားခဲ့သည်။

ယခုဖြစ်ပွားသည့် လေယာဉ်မီးလောင်မှုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ဂျယ်ဂျူးလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တစ်လအကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျယ်ဂျူးလေကြောင်းလိုင်းဖြစ်စဉ်အတွင်း လေယာဉ်တွင်လိုက်ပါလာသည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၁၈၁ ဦးအနက် ၂ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN