တိုက်ဆိုင်မှုလားတောင်ကိုရီးယားနဲ့ ဆီးရီးယား

(ဆောင်းပါးကဏ္ဍ) ဇန်နဝါရီ ၂၆
နေဇင်လတ်

       ၂၀၂၂ ကစပြီး ကမ္ဘာ့အကြပ်အတည်းတွေက တောက်လျှောက်ဖြစ်လာခဲ့တာ ကြောက်ခမန်းလိလိပါပဲ။ ယူကရိမ်း စစ်ပွဲက စစ်ရှိန်လျော့ကျ မသွားတဲ့အပြင် ရုရှားဘက်က လက်နက်အသစ် အဆန်း Oresnik မစ်ဇိုင်းနဲ့တောင် ပစ်ပြနေလိုက် ပါသေးတယ်။ ဂျော်ဂျီယာမှာဆန္ဒပြပွဲတွေ အကြီး အကျယ်ဖြစ်တယ်။ ပြည်ပစွက်ဖက်မှုတွေကြောင့်ဖြစ်တယ်လို့ အပြန် အလှန် စွပ်စွဲနေကြတယ်။ ပုံမှန်စစ်ရေး အခြေအနေကနေ ဆီးရီးယားစစ်မီး ရုတ်တရက်ကြီးလာခဲ့တယ်။ ပြသာဒ်မီးလောင်ရုံတင်မကပဲ အာဆတ် ထွက်ပြေးရတော့မယ့်နီးနီးစစ်မီးကြီးခဲ့တာ။

       တောင်ကိုရီးယားမှာ သမ္မတနဲ့ လွှတ်တော်ပွတ် တိုက်မှုကနေရုတ်တရက် သမ္မတက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်။ တစ်ကမ္ဘာလုံး အံ့သြသင့်သွားခဲ့ကြတယ်။ အကြပ်အတည်းမီးက ဆက်လက် လောင် ကျွမ်းနေဆဲ၊ ပူပူနွေးနွေးဆိုတော့ ဘာတွေဆက်ဖြစ်ကြဦးမလဲမသိ။

တောင်ကိုရီးယားအကြပ်အတည်း

        ဂြိုဟ်နက္ခတ်တွေရဲ့ ဆွဲအားသြဇာကြောင့်လား၊ လူတွေရဲ့ဒေါသ၊ မောဟ၊ လောဘတွေကြောင့်လား၊ ကမ္ဘာ့နေရာစုံလောက်မှာ စိန်ခေါ်မှုတွေဖြစ်ပွားနေတယ်။ တချို့ပိုကြီးမားတဲ့နေရာတွေကျတော့ စစ်မီးတွေအထိ တောက်လောင်ပြီး တချို့နေရာတွေကျတော့ ကမ္ဘာစစ်အဆင့်အထိအချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့အခြေအနေမျိုးတွေအထိ ဖြစ်လာနေတာ တွေ့ရတယ်။

        အများစုက ယူကရိမ်းစစ်၊ အရှေ့အလယ်ပိုင်းစစ်တွေဆီမှာ အာရုံရောက်နေတုန်းရုတ်တရက် ဆီးရီးယားစစ်မီး ထတောက်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ တောင်ကိုရီးယားမှာ ပဋိပက္ခကြီး ကြီးမားမား ဖြစ်လာခဲ့ပြန်တယ်။

       အကြပ်အတည်းကို တောင်ကိုရီးယား ဖြတ် သန်းနေတာ နှစ်နှစ်ကျော်ကာလထဲရောက်နေတာ သိကြရပေမယ့် အခုလိုစစ်အုပ်ချုပ်ရေးအဆင့်အထိ ရုတ်တရက်ကြေညာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော် လင့်ခဲ့ပါဘူး။ တောင်ကိုရီးယား နိုင်ငံ ခြားရေး ဝန်ကြီးဟောင်း Kang Kyung Wha က ဆိုရင် “သမ္မတ Yoon Suk Yeol အနေနဲ့ အခုလိုစစ်အုပ်ချုပ်ရေးကြေညာလိုက်မှုအပေါ် ဘယ်လိုမှ မမျှော်လင့်ထားခဲ့ပါဘူး”လို့ သူမက အံ့သြစွာ ပြောခဲ့ပါတယ်။

       ၂၀၂၄ ဒီဇင်ဘာ ၃ ရက်မှာ တောင်ကိုရီးယားသမ္မတက စစ်အုပ်ချုပ်ရေးကို ရုတ်တရက် “ထ”ပြီး ကြေညာလိုက်တယ်။ သမ္မတအမိန့်ကို နာခံတဲ့ဦးစီးချုပ်က အရေးကြီးတဲ့ တပ်မှူးတွေနဲ့ အစည်းအဝေးထိုင်ပြီး တပ်ကို နေရာယူစေခဲ့ရတော့တာပေါ့။ အရေးကြီးတဲ့လွှတ်တော် အပါ အဝင် အဆောက်အဦတွေကို တပ်နေရာချထားလိုက်ပြီး အဓိကလမ်းတွေကို ပိတ်ဆို့လိုက်ပါတယ်။ ဒီမှာတင် ပြဿနာက ကြီးထွားလာခဲ့ပါတော့တယ်။ ပြည်သူတွေ လမ်းပေါ်ထွက်လာခဲ့ကြတယ်။ သမ္မတကိုနုတ်ထွက်ပေးဖို့ တောင်းဆို
ကြပါတော့တယ်။ တောင်ကိုရီးယားသုံးငွေတန်ဖိုး ရုတ်တရက်ကျဆင်းသွားပြီး စတော့တွေလဲ ကျွမ်းထိုးမှောက်ခုံ ဖြစ်ကြပါတော့တယ်။

      သမ္မတဟာ လွှတ်တော်နဲ့ရော၊ ပြည်သူတွေနဲ့ပါ ထိပ်တိုက်တွေ့ရတဲ့ အခြေအနေ ရောက်သွားပါတော့တယ်။

အကြောင်းရင်းနဲ့ မှားယွင်းခြင်း

      Root Cause ဆိုတဲ့ အကြောင်းရင်းမှန်တစ်ခုကတော့ ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ပြဿနာဖြစ်စေတဲ့ Triggering Cause ကတော့ သမ္မတနဲ့ လွှတ်တော် ထိပ်တိုက်တွေ့မှပဲဖြစ်တယ်။ ဒါကလဲ ဆန်းကြယ်လှတာမဟုတ်ပါဘူး။ တောင်ကိုရီးယားမှာ သမ္မတတိုင်းနီးပါး လွှတ်တော်နဲ့ထိပ်တိုက်တွေ့ကြရတာချည်းပါပဲ။ များများတွေ့တာနဲ့ နည်းနည်းတွေ့ကြတာပဲ ကွာခြားပါတယ်။

       သမ္မတ Yoon Suk Yeol ကတော့လွှတ်တော် နဲ့များများ ထိပ်တိုက်တွေ့ရသူတစ်ဦး ဖြစ်လာပါတယ်။ တောင်ကိုရီးယားလွှတ်တော်အမတ် ၃၀၀ မှာ အတိုက် အခံက ၁၇ဝ လောက်အများစု ဖြစ်နေတာကြောင့် သမ္မတရဲ့အဆိုပြုချက်တွေဟာ လွှတ်တော်ကိုကျော်ဖြတ် အတည် ပြုချက်ရယူဖို့ခက်ခဲလှတာ တွေ့ရတယ်။ တောင်ကိုရီးယားဟာ စီးပွားရေးကလဲ ကျဆင်းလာတာ အကြောင်းတစ်ခုအနေနဲ့ ပါဝင်လာပြန်ပါတယ်။

       ဒီတစ်ကြိမ်လွှတ်တော်နဲ့ထိပ်တိုက်တွေ့ရာမှာ အပြန်အလှန် စွပ်စွဲမှုတွေက အမှုကြီးတာ တွေ့ရတယ်။ ဒါကဘာလဲဆိုတော့ လွှတ်တော်ဘက်ကသမ္မတကို “အမေရိကန်လက်ကိုင်တုတ်” “အမေရိကန်ခိုင်းတဲ့အတိုင်းလုပ်နေတဲ့သမ္မတ” သမ္မတဇနီးနဲ့ထိပ်ပိုင်း အရာရှိကြီးတွေ အကျင့်ပျက်လာဘ်စားနေကြတယ်”၊ “မြောက်ကိုရီးယားနဲ့ စစ်ဖြစ်အောင် အမေရိကန်အလိုကျ သမ္မတက လိုက်လုပ်နေတယ်”ဆိုတဲ့ အကြီးစားစွဲချက်ကြီးတွေ ဖြစ်လာတာပါပဲ။

       ဒီတစ်ခါအတိုက်အခံတွေဘက်က ထူးထူး ခြားခြား ထွက်လာတဲ့ အသံတစ်ခုကတော့ “မြောက်ကိုရီးယားကို စာနာတယ်၊ သနားတယ်” ဆိုတဲ့အသံပါပဲ။ ဖြစ်ရိုးဖြစ်စဉ်တွေကနေ အရောင်ပြောင်းလဲလာတဲ့ လေသံတွေ တွေ့လာရပါတယ်။ သမ္မတဘက်ကလဲ အတိုက်အခံတွေအပေါ် “အစိုးရအဖွဲ့ကိုချည့်နဲ့အောင် လုပ်နေတယ်”၊ “မြောက်ကိုရီးယား အလိုကျအမတ်တွေ”လို့ စွပ်စွဲလိုက်တာ တွေ့ရတယ်။ သာမန်လွှတ် တော်မှာ သမ္မတရဲ့ အဆိုပြုချက်အပေါ်သင့်၊ မသင့်ရယ်လို့ ဆုံးဖြတ်တာမျိုးထက် ကျော်လွန်နေတာကို တွေ့ရပါလိမ့်မယ်။

စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပြီး ပြန်ရုပ်သိမ်း

       ၂၀၂၄ ဒီဇင်ဘာ ၃ ရက်မှာ သမ္မတက စစ်အုပ်ချုပ်ရေးကို ရုတ်တရက် ကြေညာလိုက်ပါတယ်။ အားလုံးအံ့အားသင့်သွားကြတယ်။ စစ်အုပ်ချုပ်ရေးအဆင့် ဖြစ်လို့လား၊ ပြည်သူတွေ လမ်းပေါ်ထွက်လာပြီး သမ္မတနုတ်ထွက်ပေးရေး တောင်းဆိုလာကြတော့တယ်။ အဲ့ဒီတောင်းဆိုမှုက အတော် “တာ” သွားပါလိမ့်မယ်။

      အမတ်တွေက စစ်အုပ်ချုပ်ရေးဟာ တရားမဝင်ဘူး။ ဥပဒေနဲ့မညီဘူး။ ဒါကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချမယ်လို့ဆိုတယ်။ သမ္မတနုတ်ထွက်ပေးဖို့ တောင်းဆိုလာတဲ့ လူအုပ်ကြီး ပိုမိုမကြီးထွားလာအောင်(ယူဆခြင်း)သမ္မတက လွှတ်တော်ရဲ့မဲခွဲမှုအဆုံးအဖြတ်အပေါ်လိုက်နာမယ်လို့ တုံ့ပြန်လိုက်ပါတယ်။

       လွှတ်တော်မှာမဲခွဲကြတယ်။အမတ် ၃ဝဝ အနက် ၁၉ဝ က စစ်ဥပဒေ ရုပ်သိမ်းဖို့ဘက်ကဖြစ်လို့ သမ္မတရှုံးနိမ့်သွားတယ်။ကိုယ့်ပါတီကအမတ် ၂ဝ လောက်အတိုက်အခံဘက် ပါသွားတာ သမ္မတ Yoon Suk Yeol အတွက် တုန်လှုပ်စရာတစ်ခု ဖြစ်လာပါတယ်။

       အတိုက်အခံဘက်က မဲခွဲဆုံးဖြတ်မှုအနိုင်ရသွားတဲ့အတွက် သမ္မတက စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးလိုက်ရပါတော့တယ်။ နေရာအသီးသီးယူထားရာကနေ တပ်မတော်သားတွေ ပြန်လည် ဆုတ်ခွာသွားကြပါတော့တယ်။ တောင်ကိုရီးယား အခြေအနေက ဒီလောက်နဲ့ပြီးမှာ မဟုတ်ဘူးလို့ ယူဆရတယ်။ ဘာကြောင့် သမ္မတကစစ်အုပ်ချုပ်ရေးကို အသုံးပြုရတာလဲဆိုတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်ကြရဦးမှာပါ။ အယုံ
အကြည်မရှိအဆိုတွေလဲ ကပ်ပါလာပါလိမ့်ဦးမယ်။

ဆီးရီးယားပြဿနာမသေးပါ

      နားလည်သူတွေက ယူကရိမ်းစစ်ထက်အရှေ့အလယ်ပိုင်းအရေးကို ပိုပြီးစိတ်ပူနေကြတယ်။ယူကရိမ်းစစ်က ရုရှား(vs) နေတိုးသာဖြစ်ပြီး ဘာသာရေးစစ်အထိမကူးစက်နိုင်ပါဘူး။ ဘယ် လောက်မီးအားပြင်းပြင်း၊ မီးငြှိမ်းသတ်ခွင့်ရှိနေပါတယ်။ အစ္စရေး-ဟဇ်ဘိုလာကနေ အစ္စရေး-အီရန်စစ်အထိ စစ်ကြီးတစ်ခုဖြစ်သွားရင်တော့ နိုင်ငံချင်းဖြစ်တဲ့စစ်ကနေ ဘာသာရေးစစ်အထိ ကူးစက်သွားနိုင်တာကြောင့် အမေရိကန်ကပါစိုးရိမ်နေရပါတယ်။ Jihad ကလဲခေါ်ထားပြီးဖြစ်တဲ့အပြင် အစ္စလာမ်နိုင်ငံတွေစည်းရုံးလာတာကိုလဲ မြင်နေရပါတယ်။

      ဒီတော့ အစ္စရေး- ဟဇ်ဘိုလာ စစ်ကို ကမန်ကတန်းစစ်ရပ်စဲရေးလုပ်ကြပြီး ဆီးရီးယားဘက်ကို မီးရှို့လိုက်တဲ့ ဗျူဟာတစ်ခုလို့ သုံးသပ်ပါတယ်။ ဆီးရီးယားမှာက အာဆတ်ရော၊ သူပုန်တွေ အားလုံးကပါ အစ္စလာမ်တွေဖြစ်ကြတဲ့အတွက် ဘာသာရေးစစ်အထိ မကူးစက်တော့ပါဘူး။ အစ္စရေး- ဟားမက်စစ်မှာလဲ အရင်စစ်တွေတုန်းကလို အစ္စရေးက တစ်ဖက်သတ် အနိုင်ယူလို့ မရတော့ပဲ ဟဇ်ဘိုလာတွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုကလဲ အတော်ထိ ရောက်လာလို့ ဆီးရီးယားဘက် အာရုံလွှဲလိုက်တယ်လို့ ယူဆပါတယ်။

       ဆီးရီးယားစစ်က ၂၀၁၁ ကတည်းက စတင်ခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ် ၉-၁၁ က စလိုက်တဲ့ WTO (World Trade Organization) အဆောက်အဦကြီး အကြမ်းဖက် တိုက်ခိုက်ခံရမှုကို အကြောင်းပြုပြီး အမေရိကန်က ဖန်တီးလိုက်တဲ့စစ်ဟာ အာဖဂန်ကနေ လစ်ဗျား၊ အီရတ်၊ အီဂျစ်၊ ဆီးရီးယားအထိ စစ်မီးကူးစက်သွားခဲ့တယ်။ ဆီးရီးယားမှာ အခုလိုပဲ Aleppo ကျသွားခါနီးမှာ ရုရှားဝင်ကယ်ခဲ့လို့ အာဆတ်အစိုးရပြန်တည်မြဲသွားရတာပါ။

      အဲ့ဒီကတည်းက ဆီးရီးယား ပြည်တွင်းစစ်က တငွေ့ ငွေ့ တောက်လောက်နေခဲ့တာ ဒီနေ့အထိပါပဲ။ အခုတစ်ကြိမ်က ပုံမှန်တိုက်နေတဲ့စစ်မျိုးမဟုတ်ဘဲ ရုတ်တရက်မီးညွန့် “ထ”ပြီး ကြီးမားခဲ့တာပါ။ သေသေချာချာ ကြိုတင်စီစဉ်ထားမှုကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။

သူပုန်စုံတဲ့ဆီးရီးယား

       ဆီးရီးယားဟာလည်း မြန်မာနိုင်ငံလိုပဲ ရောင်စုံသူပုန်တွေများလှပါတယ်။ သူပုန်အားလုံးဟာ အင်အားကြီးနိုင်ငံတစ်ခုခုက ထောက်ပံ့ထားတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။ ဥပမာ- ISIS ကို အမေရိကန်က နောက်ခံပေးထားသလို အခြားအဖွဲ့အစည်းတွေကိုလည်း တူရကီ၊ အီရန်စသည်တို့က ပံ့ပိုးပေးကြပါတယ်။ ISISတွေကိုလည်း အမေရိကန်နဲ့အတူ အစ္စရေးကပါ ပံ့ပိုးပေးထားပါတယ်။ ဆီးရီးယားအစိုးရအနေနဲ့ သူပုန်ပေါင်းစုံကို ရင်ဆိုင်နေရတယ်။

       သေသေချာချာ ကြိုတင်ပြင်ဆင်ထား ပုံရတဲ့အတွက်သူပုန်တွေ အင်အားကြီးကြီးနဲ့ ရုတ်တရက်ထိုးစစ်ဆင်ခဲ့လိုက်တာ ဒုတိယမြို့တော်အလက်ပိုကို ရန်သူတွေကရာခိုင်နှုန်း ၈ဝ လောက်ထိန်းချုပ်နိုင်သွားခဲ့တယ်။ မြို့တွင်းမှာရန်သူတွေက လုံခြုံရေးကင်းလှည့်တဲ့ပုံတွေတက်လာပြီး နန်းတော်ပါဝင် အစီးခံလိုက်ရတာ တွေ့ရတယ်။ အာဆတ်ရဲ့ရုပ်တု၊ ဓာတ်ပုံကြီးတွေကို ဖျက်ဆီးနေတဲ့ပုံတွေလည်း တွေ့နေရတယ်။

       အာဆတ်အနေနဲ့ ရုရှားကို ဒုန်းစိုင်းပြေးရတော့တာပါပဲ။ ရုရှားကလဲ ယူကရိမ်းစစ်မှာ အသည်းအသန်ဖြစ်နေချိန်မို့အကြပ်အတည်းရှိနေရချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ မဟာမိတ်ဖြစ်တဲ့အပြင် ဆီးရီးယားမှာ ရုရှားစစ်စခန်းသုံးခုရှိနေတဲ့အတွက် အာဆတ်ကိုပစ်ထားလို့ မရပါဘူး။ အမေရိကန်တွေရဲ့ New World Order မှာ ဆီးရီးယား ကျသွားရင် အရှေ့အလယ်ပိုင်းရဲ့နောက်ဆုံးနဲ့ အဓိကပစ်မှတ်ကြီးက အီရန်ဖြစ်နေတာမို့ အီရန်လဲ မနေသာတော့ပါဘူး။

       ရုရှားက လေကြောင်းက ဗုံးကြဲပေးရတယ်။ အီရန်ဘက်က အာဆတ်ဆီကို တပ်ကူတွေ ပေးပို့ရတယ်။ ဒီတစ်ကြိမ်မှာ ရန်သူ့ဘက်က အင်အားကောင်းပြီး စနစ်တကျ စီစဉ်တိုက်ခိုက်တာမို့ ရုရှားဘက်က ပစ်မှတ်ကိုတိကျစွာပစ်ခတ်နိုင်တဲ့ Precision Bomb တွေသုံးလာရပါတယ်။ သူပုန်တွေ ဘယ်လောက်အထိတိုက်လာနိုင်သလဲ၊ ရုရှားကရော ဘယ်လောက်အထိ အာဆတ်ကို ကူညီနိုင်မလဲ၊ အာဆတ်ပြုတ်ကျသွားတဲ့အထိ ရုရှားဘက်ကခွင့်ပြုလိမ့်မယ်လို့ မယူဆပါ။

ဗျူဟာနဲ့ လက်နက်စီးချင်းထိုးပွဲ

      ယူကရိမ်းစစ်နဲ့ ရုရှားကို ဖြိုချဖို့ ကြိုးစားတယ်။ ထင်သလိုခရီးမပေါက်ဘူး။ ယူကရိမ်းနယ်မြေရာခိုင်နှုန်း ၂ဝ ရုရှားလက်ထဲပါသွားတာပဲ အဖတ်တင်သွားတယ်။ အရှေ့အလယ်ပိုင်း စစ်မီးတောက်တယ်။ ပထမ ခြေလှမ်းက Hamas နဲ့ ဒုတိယ ခြေလှမ်းက Hezbollah နဲ့ပစ်မှတ်ကIran ဒါပေမဲ့ Hezbollahမှာတင် အရင်လိုတစ်ဖက်သတ် စစ်မျိုးမဟုတ်တော့ဘူး။ ဟဇ်ဘိုလာရဲ့ဒရုန်းတွေက နေတန်ယာဟုရဲ့နေအိမ်အထိ လေကာတွေကို ဖောက်ထွင်း ဝင်ရောက်ပြီး ထိမှန်လာတယ်ဆိုတော့ မျှော်မှန်းသလိုဖြစ်ဖို့သိပ်မလွယ်လှဘူး။ အရင်စစ်တွေနဲ့ မတူတော့တာက ရုရှား၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား လေးနိုင်ငံကျောချင်း ကပ်သွားကြတာပဲ။ မျှော်လင့်သလို ဖြစ်မလာခဲ့တော့ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ထိပ်တိုက်တွေ့တဲ့စစ်ကို “အချိုသတ်” ပြီး ဆီးရီးယားဘက်ကို စစ်ရွှေ့လိုက်တယ်လို့ သုံးသပ်ရတယ်။ ဘာသာရေးစစ်အထိ အကူးမခံလိုတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။ နဂိုကတည်းက အားနည်းနေတဲ့ အာဆတ်အစိုးရအနေနဲ့ သူပုန်ပေါင်းစုံရဲ့ ထိုးစစ်ကို မခံနိုင်တော့တဲ့ သဘော ပါ။ ဒါက အနောက်အုပ်စုရဲ့ ပထဝီစစ်ရေးဗျူဟာနဲ့ Gambit Change ယူကရိမ်းမှာ အမေရိကန်၊ ယူကေနဲ့ပြင်သစ်က တာဝေးပစ်တွေထောက်ပံ့ပြီး ပစ်ခတ်ခွင့်ပေးလိုက်တော့ ရုရှားက Oreshnik ဆိုတဲ့ နည်းပညာသစ်နဲ့ထုတ်လုပ်ထားတဲ့ မစ်ဇိုင်းအသစ်ကိုသုံးလိုက်ရတယ်။အမေရိကန်အပါအဝင်အားလုံးက မှင်တက်သွားကြရတယ်။ ဆီးရီးယားစစ်မှာလဲ အာဆတ်အစိုးရနိမ့်ပါးလာတော့ ရုရှားရေတပ်က မြေထဲပင်လယ်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ကြပြီး Zircon ကို ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှာ ပစ်ပြလိုက်ရပြန်တယ်။ Zir-con လိုမျိုး ဘယ်နိုင်ငံမှ မပိုင်ဆိုင်သေးဘူး။ ဘယ်လေကာမှလဲပစ်မချနိုင်သေးဘူးလို့ဆိုတယ်။

        ဘာသွားတွေ့ရသလဲဆိုတော့ အမေရိကန်ရဲ့ ဗျူဟာကောင်းကို ရုရှားရဲ့ တီထွင်ထားတဲ့ လက်နက်ဆန်းတွေနဲ့ တန်ပြန်နေရတယ်ဆိုတဲ့ အချက်ပါပဲ။

#PAN