အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ၆ ဦးအား ဖမ်းဆီးရမိ


(မှုခင်း) ဇန်နဝါရီ ၂၅

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာနေ မင်းထက်၊ ၁၆ နှစ် နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေသူများဖြစ်ကြသော ချမ်းမြေ့အောင်(ခ)ငချမ်း၊ ၁၈ နှစ်၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်၊ ၁၈ နှစ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ)အောင်ကျော်၊ ၂၁ နှစ်တို့ ၄ ဦးအား ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၆၀ လမ်းရှိ Blue Moon ဘီယာဆိုင်၌လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေသူများဖြစ်ကြသော အောင်ကိုမင်း၊ ၂၁ နှစ်နှင့် အောင်သူရကျော် (ခ)ကိုချစ်၊ ၁၈ နှစ်တို့ ၂ ဦးအား မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၉ လမ်းနှင့် ၁၃၀ လမ်းကြား၊ ၅၄ လမ်းရှိ အအေးဆိုင် ၌လည်းကောင်း၊ ၎င်းတို့ လုယက်ယူဆောင်ထားသည့် CANDA CZI အမျိုးအစား ဆိုင်ကယ် ၁ စီး၊ HONDA Click 2018-125 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ Cyclone YUNDE-110 အမျိုးအစား ဆိုင်ကယ် ၁ စီးတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိတရားခံ မင်းထက်ပါ ၆ ဦးတို့သည် မန္တလေးမြို့ ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ်၊ စက်တင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု ၄ ကြိမ်၊ အောက်တိုဘာ လအတွင်း ဆိုင်ကယ်လုယက်မှု ၆ ကြိမ်၊ နိုဝင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု ၄ ကြိမ်၊ ဒီဇင်ဘာ လအတွင်း ဆိုင်ကယ်လုယက်မှု ၁ ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆိုင်ကယ်လုယက်မှု ၄ ကြိမ် အုပ်စုဖွဲ့၍ ဆိုင်ကယ်လုယက်မှုပေါင်း ၂၁ ကြိမ်ကျူးလွန်ခဲ့ကြကြောင်း ကနဦးဖော်ထုတ် သိရှိ ရပြီး လုယက်မှုကျူးလွန်ရာမှ ရရှိသည့်ဆိုင်ကယ်များအား ဖမ်းဆီးရန်ကျန်တရားခံများ ဖြစ်ကြသည့် ပြည်ကြီးတံခွန်မြို့နယ်နေ ဇော်ထက်(ခ)ဝက်စုတ်(စိစစ်ဆဲ)နှင့် မြစ်ငယ်မြို့နယ်နေ ကုလားကြီး (စိစစ်ဆဲ)တို့ ၂ ဦးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ချိန်းဆိုခေါ်ယူရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုများမှ သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းရမိနိုင်ရေးနှင့် လက်ခံဝယ်ယူသူ ဖမ်းဆီးရန်ကျန်တရားခံ ၂ ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ထပ်မံကျူးလွန်ထားသည့် ပြစ်မှုများရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများအား အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်သည့် ဖမ်းဆီးရမိတရားခံ မင်းထက်၊ ချမ်းမြေ့အောင်(ခ)ငချမ်း၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ) အောင်ကျော်၊ အောင်ကိုမင်း၊ အောင်သူရကျော်(ခ)ကိုချစ်တို့ ၆ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ဇော်ထက်(ခ)ဝက်စုတ်နှင့် ကုလားကြီး တို့ ၂ ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN