ဟိုပုံး-မိုင်းပွန်သွား ပြည်ထောင်စုကားလမ်းမကြီးကိုပြန်လည်ထိန်းချုပ်


မတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းအဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက် ပိတ်ဆို့ထားသော NCA တွင် လက်မှတ်ရေးထိုးထားသည့် PNLA အဖွဲ့မှ ငြိမ်းချမ်းမှုကို မလိုလားသူအချို့ နှင့် KNDF ၊ KNPPအကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။

ထိုသို့ ပိတ်ဆို့မှုများကြောင့် ခရီးသွားလာမှုများ ခေတ္တရပ်တန့်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ရာ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည့် အတွက် တိုက်ခိုက်ရေးစစ်ကြောင်းများမှ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ ဆီဆိုင်-မိုင်းပွန် ကားလမ်းတစ်လျှောက်နှင့် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် ဘေးဝဲယာများကို ချီတက်ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီးဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြည်ထောင်စု လမ်းမကြီးအား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နေ့ မတ်လ ၁ ရက်နေ့မှ စတင်၍ ယာယီရပ်တန့်ခဲ့သည့် ခရီးသွားယာဉ်များ၊ လူစီးယာဉ်၊ ကုန်သယ်ယာဉ် များ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့ ၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဟိုပုံး-မိုင်းပွန်သွား ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်ပိတ်ဆို့ထားသည့် နေရာများအား ဖယ်ရှားရှင်းလင်းခဲ့ပြီးဖြစ်သည့်အတွက် ယနေ့တွင် မိုင်းပွန်မြို့မှ တောင်ကြီးမြို့ အထိ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။