ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲအား CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာရိုင်းစိုင်းစွာ လာရောက်နှောင့်ယှက်ပစ်ခတ်

(မှုခင်း) စက်တင်ဘာ ၂၃

ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲသို့ CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယုတ်မာရိုင်းစိုင်းစွာ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပနေစဉ် ဆေးရုံ၏ မြောက်ဘက်မှ CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၇ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ အကြောင်းမဲ့ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည့် CDF အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများက စက်ဆုပ်ရွံရှာစွာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေလုံခြုံရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။