
(ပြည်တွင်း) စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်း ငွေပင်လယ် စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသည့် “777” ပလတ်စတစ်စက်ရုံအား စစ်ဆေးဖော်ထုတ်ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်း ငွေပင်လယ် စက်မှုဇုန်အတွင်း မြေကွက်အမှတ် (၇/B) ရှိ ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံတွင် တပ်ဆင်ထားသည့် 2 MVA ထရန်စဖော်မာနှင့် တွဲဆက်တပ်ဆင်ထားသည့် မီတာတွင် Alarm ပေါ်နေသဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သော ငါးဦးကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားကြောင်း သက်သေအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိရသဖြင့် မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၁၀ ဒသမ ၄၆၈ သန်း အတွက် ကျသင့်လျော်ကြေးငွေကျပ် ၇ ဒသမ ၉၀၇ ဘီလီယံအား ပြန်လည်ပေးလျော်စေရေးနှင့် လျှပ်စစ်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်းတွင် စက်ရုံပိုင်ရှင် ဦးသိန်းနိုင်နှင့် စက်ရုံမန်နေဂျာ ဦးကြည်လှိုင်တို့အား အမှုဖွင့်အရေးယူလျက်ရှိသည်။