ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိ


ဖေဖော်ဝါရီ ၁၈

ထောင်ဒဏ်ကျခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသည့်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် အကျဉ်းကျရာမှ လွတ်မြောက်မည်ဖြစ်ကြောင်း လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် က ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကြေညာခဲ့သည်။
တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုလအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဉ်းသား ၉၃၀ တွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်းပါဝင်သည်ဟု ဖော်ပြထားသည်။

သက်ဆင်ရှင်နာဝပ်ထရာ သည် အသက်အရွယ်အားဖြင့် အသက် ၇၀ ကျော်နေသည့်အပြင် ပြင်းထန်သော ဝေဒနာကိုလည်း ခံစားနေရသောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အကျုံးဝင်ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ပြည်ပြေးအဖြစ် ၁၅ နှစ်ခန့်နေထိုင်ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်းနိုင်ငံသို ပြန်လာခြင်းဖြစ်ကာ မကြာမီမှာပင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခြင်းကို ခံခဲ့ရသည်။

ထိုနောက် ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်အကျဉ်းထောင်မှ ဆေးရုံသိုပြောင်းရွှေ့သွားရပြီး ထိုအချိန်မှစ၍ ယခုအချိန်အထိ ဆေးရုံတွင်ပင် နေထိုင်နေရခြင်းဖြစ်သည်။

သက်ဆင်ရှင်နာဝပ်ထရာ သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ကာ ၂၀၀၈ ခုနှစ်မှစ၍ ပြည်ပသို ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။