ရာဖာမြို့ကို အစ္စရေးတို့ ဗုံးကြဲမှုကြောင့် ပါလက်စတိုင်း ပြည်သူ ၂၅ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၂

ဂါဇာကမ်းရိုးတန်းတောင်ပိုင်း ရာဖာမြို့ရှိ နေအိမ်တစ်လုံးက အစ္စရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက် တွင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ရာ ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၂၅ ဦးသေဆုံးကြောင်း သိရသည်။

ဗုံးကြဲ တိုက်ခိုက်ချိန်တွင် အဆိုပါနေအိမ်၌ စစ်ဘေးရှောင်သူအများအပြားနေထိုင်ကြောင်းနှင့် ယင်းသို့တိုက်ခိုက်မှုကြောင့် လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း ပါလက်စတိုင်းတို့၏ WAFA သတင်းဌာနက ဖော်ပြထား သည်။

အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုသည် ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ရန်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အစ္စရေး၏လုပ်ဆောင်ချက်ကို တားမြစ်ပေးရန် တောင်းဆိုကြောင်း ရာဖာ မြို့တော်ဝန်က ပြောသည်။  

ထို့ပြင် ရာဖာမြို့၌ မှီတင်းနေထိုင်လျက်ရှိသည့် ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းကျော် ရှိသော ကြောင့် စစ်ရေးအရတိုက်ခိုက်မှုသည် လူအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့် သွေးချောင်းစီးမှု ဖြစ်ပေါ်စေမည် ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ လက်ရှိရာဖာမြို့၏ အခြေအနေသည် ဝမ်းနည်းစရာ အခြေအနေ ဖြစ်ကြောင်း၊ အထူးသဖြင့် ရာဖာမြို့ကို ဖြတ်သန်းဝင်ရောက်လာသည့် ကူညီထောက်ပံ့မှုများအားလုံးသည် မြို့နေ ပြည်သူများအနက် ၁၀ ရာခိုင်နှုန်းအတွက်သာ ဖူလုံမှုရှိကြောင်းနှင့် ထိုသို့ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အငတ်ဘေးဆိုက်သွားနိုင်ကြောင်း မြို့တော်ဝန်က ပြောထားသည်။  

အစ္စရေးစစ်ဘက်သည် ဂါဇာမြို့တောင်ပိုင်းခန်းယူနစ်မြို့အပေါ်တိုက်ခိုက်မှုများအပြင်းအထန်လုပ်ဆောင် စဉ်အတွင်း ထိုမြို့နေ ပြည်သူများမှာ ရာဖာမြို့သို့ ထွက်ပြေးသွားရခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုက စစ်ဘက်အနေဖြင့် ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေး လုပ်ဆောင်ရန် အသင့်ပြင်ဆင်ထားရေးအတွက် ညွှန်ကြားချက်ပေးပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုများ လုပ်ဆောင်လာြခင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။