ဂျပန်က မြန်မာအလုပ်သမား ၁,၃၀၀ ကျော်ခေါ်ယူမည်ဟု သိရ


ဖေဖော်ဝါရီ ၄

မြန်မာအလုပ်သမားဦးရေ ၁,၃၀၀ ကျော်ခေါ်ယူဖို့ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က ကမ်းလှမ်းထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မြန်မာသံရုံးကို ဇန်နဝါရီလ ၁၆ ရက်ကနေ ၃၁ ရက်အတွင်း ပေးပိုလာတဲ့ အလုပ်ကမ်းလှမ်းစာတွေအရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

တိုကျိုမြို့က မြန်မာသံရုံးအနေနဲ့ အလုပ်သမားဝန်ကြီးဌာနကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကိုတစ်ဆင့် ပေးပိုလာတဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ဆောင်ရွက်ပေး နေတယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေက ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားခြင်းရှိမရှိ စာရွက်စာတမ်းအထောက်အထားများကို စိစစ်ပြီး စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။