မွန်ပြည်နယ်မှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကို စိတ်စေတနာအပြည့်အစုံနှင့် လာရောက်ကူညီစောက်ရှောက်ပေးခဲ့သည့်အတွက် ပြည်သူတစ်ဦးချင်း၏ ကိုယ်စား အထူးကုဆရာဝန်ကြီးများကို အထူးကျေးဇူးကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော

ဇန်နဝါရီ ၂၉

မွန်ပြည်နယ်က ဒေသခံပြည်သူများကျန်းမာရေးကို စိတ်စေတနာအပြည့်အစုံနှင့် လာရောက်ကူညီစောက်ရှောက်ပေးခဲ့သည့်အတွက် အထူးကုဆရာဝန်ကြီးများကို မွန်ပြည်နယ်မှ ပြည်သူတစ်ဦးချင်း၏ ကိုယ်စားအထူးပဲကျေးဇူးတင်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးနှင့် ခုတင် – ၅၅၀ ဆံ့ ကလေး ဆေးရုံကြီး – ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မွန်ပြည်နယ်မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း နှလုံး ဆေးကုသမှုဆိုင်ရာ လူနာ ၉၂ ဦး၊ အစာ အိမ်အူလမ်းကြောင်းဆိုင်ရာလူနာ ၇၈ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆိုင်ရာလူနာ ၁၀၂  ဦး၊ ဦးနှောက်နှင့်အာရုံ ကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၂ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၂၈၆  ဦး၊ ရင်ခေါင်းဆေးကုသမှု ဆိုင်ရာ လူနာ ၅၅ ဦး၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါဆိုင်ရာလူနာ ၂၆၀၊ အသည်းရောဂါ ဆိုင်ရာလူနာ ၅၃ ဦး၊ ကလေးနှလုံးရောဂါ လူနာ ၃၈ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေး ကုသမှုဆိုင်ရာလူနာ ၄၁ ဦး၊ အရိုးအကြော အဆစ်ရောဂါလူနာ ၂၄၅ ဦး၊ အရေပြား ရောဂါဆိုင်ရာလူနာ ၉၁ ဦး၊ ကလေးရောဂါ လူနာ ၄၄ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၅၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ဆိုင်ရာလူနာ ၁၀ ဦး၊ သားဖွား မီးယပ် ဆိုင်ရာ လူနာ ၂၄ ဦး၊ သွားနှင့်ခံတွင်းလူနာ ၂၈ ဦး စုစုပေါင်းဒေသခံ ပြည်သူလူနာ ၁၅၁၂ ဦးကို ကြည့်ရှုကုသပေးသည်။

လာရောက်ပြသသော လူနာများတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ် သာမက ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၁၁၆ ဦး၊ အစာ အိမ် မှန်ပြောင်းကြည့်ရှုခြင်း (OGD Scope) ၁၃ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှု ခြင်း (Colono-scope) နှစ်ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း ၁၈ ဦး၊ သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း ၉၅ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၅၁ ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း ၂၇၀၊ Ultrasound ရိုက်ကူးခြင်း ၉၃ ဦး နှင့် နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၂၀၄ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာ လူနာနှစ်ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ သုံးဦး၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါဆိုင်ရာလူနာ သုံးဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါလူနာ လေးဦး၊ ကလေး နှလုံးရောဂါလူနာ ၂၅ ဦးတို့ကို လိုအပ် သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိသက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုဆောင်ရွက်ပေးခဲ့သည်။

စိတ်စေတနာအပြည့်အစုံနှင့် လာရောက်ကူညီစောက်ရှောက်ပေးခဲ့သည့်အတွက်‌ အထူးကုဆရာဝန်ကြီးများကို ဒေသထွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သကဲ့သို့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူကြမည့်သူများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးတွေဆီကို လာရောက်ပြသကုသမှုခံယူကြသည့် လူနာတွေကိုလည်း ခွန်အားပေးခဲ့ကြောင်း ဝန်ကြီးချုပ်မှပြောသည်။

ထို့ပြင် အဆိုပါ အထူးကုဆေးကုသ ရေးအဖွဲ့နှင့်အတူ ကုသရေးဦးစီးဌာနမှ ကြီးကြပ် ပံ့ပိုးပေးရန် လိုက်ပါလာသော အမျိုးသားသွေးဌာန၊ ရန်ကုန်မှဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်သည် ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “သွေးသွင်းကုသမှု ဘေးကင်း လုံခြုံရေး သိကောင်းစရာ” အကြောင်း ဆွေးနွေးဟောပြောသည်။