နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့်ဆောင်ရွက်

ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ခဲ့သော်လည်း အောင်မြင်မှုမရှိချေ။ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သော်လည်း ပျက်သုဉ်းခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သောအခါ ပဋိပက္ခပြဿနာမျိုးစုံနှင့်ကြုံတွေ့ခဲ့ရသည်။ သို့ဆိုလျှင် နိုင်ငံရေးစနစ်ကြောင့်လား၊ လူကြောင့်လား သုံးသပ်ကြည့်နိုင်ပေသည်။

အမှန်တကယ်တွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ လူသာလျှင် ပဓာနဖြစ်သည်။ နိုင်ငံတော်အပေါ်တွင် ထားအပ်သည့်စိတ်ထားများနှင့် နိုင်ငံ သူ နိုင်ငံသားများ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ နားလည်စာနာမှု၊ ကြိုးစားအားထုတ်မှုတို့သည် အဓိကလိုရင်းအချက်ဖြစ်ပေသည်။ နိုင်ငံရေးအရကြည့်မည် ဆိုပါကမြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန် ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေမှုများကြောင့် ခရီးမပေါက်ဖြစ်နေသည်။ နိုင်ငံလွတ်လပ်ရေးရရှိလာခဲ့သည်မှာ ၇၅ နှစ် ကျော်လာပြီဖြစ်သော်လည်း နိုင်ငံရေးကိုခိုင်မာအောင် တည်ဆောက်နိုင်ခြင်းမရှိသေးပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ စတုတ္ထအချက်တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့် နိုင်ငံရေးမျှော်မှန်း ချက်နှစ်ရပ်ချမှတ်ထားသည်။ အကောင်အထည်ပေါ်အောင်လည်း လက်တွေ့ဆောင်ရွက်နေသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒမှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး၏မျှော်မှန်းချက်မှာ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။

တိုင်းရင်းသားပြည်သူများ လိုလားသည့်ဖက်ဒရယ်စနစ်ကို ဥပဒေနှင့်အညီ နိုင်ငံရေးနည်းလမ်းဖြင့် တည်ဆောက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းလက်တွဲဆောင်ရွက်ကြပါက မျှော်မှန်းသည့်အတိုင်း ဖြစ်လာပေလိမ့်မည်။ ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင်ဖြစ်ပေါ်နေသည့် ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်ဒေသရရှိအောင် ဥပဒေပြင်ပမှဆောင်ရွက်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ချက်များစွာရှိနေသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက အတည်ပြုထားသည့် ဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူအများစုဆန္ဒဖြစ်သဖြင့် ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်၍မရပေ။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် တိုင်းပြည်ကိုအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံကို ဥပဒေနှင့်ထိန်းကျောင်းနိုင်ရန် ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင် အတည်ပြုဆောင်ရွက်ကြရန်လိုအပ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်း၊ ဆောင်ရွက်ခြင်းမရနိုင်ပေ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိပြီး အင်အားများသည့် တိုင်းရင်းသားလူမျိုးများရှိသကဲ့သို့ အင်အားနည်းလူနည်းစု တိုင်းရင်းသားလူမျိုးများလည်းရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံး တန်းတူအခွင့်အရေးရရှိနိုင်ရေးအတွက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲစနစ်ဖြင့် ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။

ယခင်က အကုန်ရလျှင်အကုန်ယူစနစ်ဖြင့် ပြုလုပ်ခဲ့သဖြင့် အင်အားကြီးပါတီ၊ အင်အားများလူမျိုးစုများက အနိုင်ရကာ မမျှမတဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်း၌ ပဋိပက္ခများ မဆုံးနိုင်အောင်ဖြစ်ခဲ့သည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။ ယခုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လုပ်ပိုင်ခွင့်များ ခွဲဝေပေးထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအရတည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရတည်တံ့ခိုင်မြဲပြီး တင့်တယ်စွာရပ်တည်နိုင်ရေးအတွက် ရှေးရှုဦးတည်ချမှတ်ထားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လက်နက်ကိုင်နည်းကိုရှောင်ရှားပြီး နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

နိုင်ငံပိုင်သတင်းစာမှ ကူးယူဖော်ပြသည်။