နိုင်ငံပေါင်း ၃၀ နီးပါးက BRICS အဖွဲ့သို့ဝင်လိုဟု ရုရှားပြော

ဇန်နဝါရီလ ၂၁

နိုင်ငံပေါင်း ၃၀ နီးပါးက BRICS အဖွဲ့သို့ ဝင်ရောက်လိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က သတင်းစာရှင်းလင်းပွဲ တစ်ခု၌ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ရုရှားနိုင်ငံ၏ သံတမန်ရေးဆိုင်ရာ ရလဒ်များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် BRICS အဖွဲ့အနေဖြင့် ကမ္ဘာ့ရပ်တည်မှုကို ပိုမိုခိုင်မာစေသည့် အရေးအကြီးဆုံးသော ခြေလှမ်းများအနက် တစ်ခုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် ထိုအဖွဲ့ကိုအင်အားတိုးချဲ့ရန် ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း လက်ရော့ကပြောသည်။

BRICS အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် ထိပ်သီးဆွေးနွေးပွဲ၌ အဖွဲ့ဝင်နိုင်ငံ အသစ်များကို ထည့်သွင်းကြောင်း တရားဝင်ကြေညာခဲ့ရာ ထိုသို့အဖွဲ့ဝင် အသစ်များကို ထည့်သွင်းခြင်းသည် ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံကို ထည့်သွင်းပြီးနောက် ပထမဆုံး အကြိမ်ဖြစ်လာသည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နိုင်ငံတို့နှင့်စတင်ဖွဲ့စည်းခဲ့သည့် BRICS အဖွဲ့တွင် ယခုအခါ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ပါဝင်လာပြီဖြစ်သည်။

ထိုအဖွဲ့သို့ဝင်ရောက်ရန် စိတ်ဝင်စားနေသော နိုင်ငံများတွင် ဗင်နီဇွဲလား၊ ထိုင်း၊ ဆီနီဂေါ၊ ကျူးဘား၊ ကာဇက်စတန်၊ ဘီလာရုစ်၊ ဘာရိန်းနှင့် ပါကစ္စတန်တို့လည်း ပါဝင်ပြီး ယင်းနိုင်ငံများအနေဖြင့် BRICS အဖွဲ့ဝင် ဖြစ်လာရေးအတွက် တရားဝင်လျှောက်လွှာများကို တင်သွင်းထားသည်။

ယခုကဲ့သို့ အဖွဲ့ဝင်လိုသည့် နိုင်ငံအရေအတွက် များပြားလာခြင်းသည် BRICS အဖွဲ့အနေဖြင့် တောက်ပနေသည့် အနာဂတ်ဆီ ဆက်လျှောက်နေပြီကို ညွှန်ပြနေခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံက BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့် ကာလအတွင်း အဖွဲ့ဝင် နိုင်ငံအသစ်များ အနေဖြင့် အဖွဲ့အစည်းအတွင်းသာမက နိုင်ငံတကာနယ်ပယ်တွင်လည်း အပြုသဘောဆောင်သော အလားအလာများ ရရှိစေရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လက်ရော့က ပြောထားသည်။

#PAN

Telegram link

https://t.me/positiveanglenews