နိုင်ငံပိုင်သတင်းစာများမှဆောင်းပါးများ

မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းကောင်းနှင့်အတူ

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးတို့က နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေသည့် နှစ်နိုင်ငံလုံးအတွက် လွန်စွာအရေးပါသည်။ နှစ်နိုင်ငံနယ်စပ်များအကြား ငြိမ်းချမ်းမှုတည်တံ့ခိုင်မြဲသည်နှင့်အမျှ နှစ်ဖက်စလုံးရှိ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံစလုံးအတွက် အကျိုးတူစီးပွားတိုးတက်ဖွံ့ဖြိုးစေမည့် အလားအလာကောင်းများစွာလည်း ရှိနေသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်တို့အကြားဆက်ဆံရေးတို့မှာ အိမ်နီးချင်းကောင်း၊ မိတ်ကောင်းဆွေကောင်းများအဖြစ် ခိုင်မြဲလျက်ရှိသည့်တိုင် နယ်စပ်ဒေသ အခြေအနေများတွင်မူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့် လိုအပ်ချက်များရှိနေသည်။ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား အကြီးအကဲများ၏ဆွေးနွေးမှုတွင် နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရလည်းကောင်း၊ တပ်မတော်နှစ်ရပ်ကြားတွင်လည်း လုံခြုံရေးအရလည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများတိုက်ဖျက်ရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်တို့ ပူးပေါင်းဆောင်ရွက်သွားကြမည့် အဆိုပါလုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး စသည့်အဘက်ဘက်မှ အရေးပါသည့်ကဏ္ဍများပင်ဖြစ်သည်။ နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို ပူးပေါင်းတိုက်ဖျက်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းနိုင်မည်ဖြစ်သည့်အပြင် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများ၏ မတရားချုပ်နှောင် အသုံးချမှုကိုခံနေရသည့် နိုင်ငံပေါင်းစုံမှ လူများကိုလည်း ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ နှစ်နိုင်ငံအကြား ရှည်လျားစွာထိစပ်နေသည့် နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှု ခိုင်မြဲစွာရရှိပါက နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုများ တိုးတက်စည်ပင်လာနိုင်မည်ဖြစ်သကဲ့သို့ မြန်မာနှင့်ထိုင်းကိုဖြတ်သန်း၍ တောင်အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများကြား ကုန်သွယ်မှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုတို့ လျင်မြန်စွာတိုးတက်ဖြစ်ထွန်း လာနိုင်မည်ဖြစ်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာနေသည့် တရုတ်နှင့်အိန္ဒိယ၊ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသည့် အာဆီယံဒေသတို့တွင် အချက်အချာကျကျ တည်ရှိနေသည့် မိမိတို့နိုင်ငံမှာ ပြည်တွင်းစည်းလုံးညီညွတ်မှု အားနည်းနေခြင်း၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ ဖြစ်ပေါ်နေခြင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးထက် တည်ငြိမ်အေးချမ်းရေးကိုသာ မဖြစ်မနေဆောင်ရွက်နေရခြင်းတို့ကြောင့် ကြီးပွားတိုးတက်သင့်ပါလျက် မကြီးပွား၊ မတိုးတက်နိုင် ဖြစ်နေရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်မလုပ်နိုင်ဘဲ နိုင်ငံ၏အရင်းအမြစ်များမှာ ပဋိပက္ခများအကြားတွင် လုံးပါးပါးဆုံးရှုံးနေရသည်ကိုသတိပြု၍ သင်ခန်းစာယူကာ၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု၊ စည်လုံးညီညွတ်မှုတို့ကိုတည်ဆောက်၍ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံတို့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ပါစေကြောင်း။ ။