၉ လအတွင်း ရေထွက်ကုန်တန်ချိန် ၃ သိန်းခွဲနီးပါး ပြည်ပသို တင်ပိုထား

ဇန်နဝါရီ ၈

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလကနေ ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ် ကုန်သွယ် စခန်းများမှတစ်ဆင့် ပြည်ပသို ရေထွက်ကုန်တန်ချိန် ၃၄၅,၀၀၀ ကျော်တင်ပိုထားပြီး အမေရိကန်ဒေါ်လာ ၅၁၈ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ အမေရိကန်နဲ့ ထိုင်းနိုင်ငံသို ရေထွက်ကုန် အများဆုံးတင်ပိုထား ခြင်းဖြစ်ပြီး အမယ်အလိုက် တင်ပိုမှုတွင် ငါးအုပ်စုအနေဖြင့် တန်ချိန် ၂ သိန်း ၁ သောင်းကျော် တင်ပိုထားပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆၂ သန်းရရှိထားကာ ပုစွန် အနေဖြင့် တန်ချိန် ၈,၄၃၂ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂ သန်းရရှိ ထားကြောင်း သိရပါတယ်။

ဒါ့အပြင် ငါး၊ပုစွန် မဟုတ်တဲ့ အခြားရေထွက်ကုန်တင်ပိုမှုမှာ တန်ချိန် ၁၃၀,၅၂၆ တင်ပိုထားပြီး အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၇၀၇ သန်း ရရှိ‌ထားကြောင်းလည်း သိရပါတယ်။ မြန်မာ့ရေထွက်ကုန်တွေကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နဲ့ ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံများကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေလည်း ငါး၊ ပုစွန်၊ ကဏန်း စတဲ့ ရေထွက်ကုန်တွေကို ပုံမှန်တင်ပိုနေခြင်း ဖြစ်ပါတယ်။

ပြည်ပသို ငါးတင်ပိုမှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စတဲ့ အမျိုးအစား ၂၀ ကျော် တင်ပို လျက်ရှိကြောင်း သိရပါတယ်။ မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို နှစ်စဉ် တင်ပိုလျက်ရှိပြီး အသား ကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို နယ်စပ်ကနေ တစ်ဆင့် အဓိက တင်ပိုလျက်ရှိ ကြောင်း သိရပါတယ်။

PAN