တရုတ်ရေတပ်ဦးစီးချုပ်ဟောင်း Dong Jun ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်

ဒီဇင်ဘာ ၃၀

       တရုတ်နိုင်ငံသည် မသိရှိရသေးသော အကြောင်းအရင်းများဖြင့် ယခင်ကာကွယ်ဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ပြီး လပေါင်းများစွာ ကြာပြီးနောက် ယခင်ရေတပ်ဦးစီးချုပ်ဟောင်း Dong Jun ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ယမန်နေ့က ခန့်အပ်လိုက်ပါသည်။

     ကာကွယ်ရေးဝန်ကြီးဟောင်း Li Shangfu ကို တရားဝင် ဖယ်ရှားမှုကို အောက်တိုဘာလတွင်သာ ကြေညာခဲ့သည်။  Li ကို သြဂုတ်လနှောင်းပိုင်းကတည်းက လူမြင်ကွင်းမှာ မတွေ့ခဲ့ရတော့ဟု မီဒီယာများက ပြောဆိုခဲ့ကြသည်။

      တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီအစည်းအဝေးတွင် Dong ၏ ခန့်အပ်မှုကို သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အပြောင်း အလဲအတွက် အကြောင်းပြချက် သို့မဟုတ် Li ၏ လက်ရှိနေထိုင်နေသည့်နေရာကို တစ်စုံတစ်ရာဖော်ပြခြင်းမရှိပေ။

     အသက် ၆၂ နှစ်ရှိ Dong သည် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရန် လှုံ့ဆော်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အာရှပစိဖိတ်ဒေသရှိ သံတမန်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် အမေရိကန်ပြည်ထောင်စုက ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ကြီးကျယ်သော အခန်းကဏ္ဍကို တာဝန်ယူရသည်။

     ၎င်း၏အခန်းကဏ္ဍ၏ အရေးကြီးသောအချက်မှာ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် ပဋိပက္ခဖြစ်နိုင်ခြေကို လျှော့ချရန် အမေရိကန်စစ်တပ်နှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။

      တရုတ်က ထိုင်ဝမ်းကျွန်းတွင် လာမည့်လ၌ ပြုလုပ်မည့် သမ္မတနှင့် ပါလီမန် ရွေးကောက်ပွဲများ မတိုင်မီတွင်  ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးအရ ဖိအားများ တိုးလာခဲ့သည်။

      Dong သည် ၂၀၂၁ ခုနှစ်တွင် PLA ၏ ရေတပ်ဦးစီးချုပ်ဖြစ်လာပြီး  စစ်ဗိုလ်ချုပ်ကြီးအဖြစ် မထမ်းဆောင်မီတွင် ထိုင်ဝမ်ကို တိုက်ခိုက်ရန်အတွက် အဓိကတာဝန်ယူထားသည့် အရှေ့ပင်လယ်ပြင်စစ်ရေးဌာန၏ ကျောရိုးဖြစ်သည့် အရှေ့ပင်လယ်ရေယာဉ်စု၏ ဒုတိယတပ်မှူးဖြစ်သည်။

      လီသည် မတ်လတွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ရှီကို သစ္စာစောင့်သိသူအဖြစ် ရှုမြင်ခံခဲ့ရသည်။  ဇူလိုင်လတွင် နိုင်ငံခြားရေးဝန်ကြီး Qin Gang ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများသည် အကျင့်ပျက်ခြစားမှု စွပ် စွဲချက်များမှ သူလျှိုလုပ်ခြင်းအထိ သံသယဖြစ်စရာများ ပါဝင်သည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။

#PAN