ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရမှုမှ တရားခံများကို ရှာဖွေဖော်ထုတ် အရေးယူမည်ဟု အိန္ဒိယပြောကြား

ဒီဇင်ဘာ ၂၇

     အာရေဗျပင်လယ်ရှိ ကုန်တင်သင်္ဘောများကို မကြာသေးမီက မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မှ တရားခံများကို ရှာဖွေဖော်ထုတ်မည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောကြားခဲ့သည်။

     အိန္ဒိယအစိုးရသည် အာရေဗျပင်လယ်ရှိ ကုန်တင်သင်္ဘော MV Chem Pluto အား မကြာသေးမီက မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ပင်လယ်နီတွင် ရေနံတင် သင်္ဘော MV Sai Baba တိုက် ခိုက်ခံရခြင်းတို့အပေါ်ပင်လယ်ပြင်တွင် စောင့်ကြည့်ခြင်း လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

      အိန္ဒိယကမ်းရိုးတန်းရှိ MV Chem Pluto သင်္ဘောအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု ဒီဇင်ဘာ ၂၃ရက်က ဖြစ်ပွားခဲ့ရာ အာရေဗျပင်လယ်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

      သင်္ဘောသား ၂၁ ဦးပါရှိသည့် လိုက်ဘေးရီးယားအလံ လွှင့်တင်ထားသော ဓာတုထုတ်ကုန်များတင် သင်္ဘော MV Chem Pluto သည် ဒီဇင်ဘာ ၂၅ ရက်တွင် မွမ်ဘိုင်းမြို့သို့ရောက်ရှိခဲ့ပြီး ၎င်းရောက်ရှိချိန်တွင် အိန္ဒိယရေတပ်၏ ဖောက်ခွဲရေးလက်နက် ဖယ် ရှားရေးအဖွဲ့က ၎င်းကုန်တင်သင်္ဘောအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

#PAN