အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီးတိမ်းမှောက် လူသေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိ

စက်တင်ဘာ ၈

ယနေ့ မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်များတင်ဆောင်လာသော Express ယာဉ်တစ်စီးသည် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၉၂/ ၁ နှင့် ၉၂/ ၂ အကြား ကျောက်တံခါးမြို့နယ် သံပုရာခုန်ရွာအနီးတွင် အရှိန်လွန်၍တိမ်းမှောက်ခဲ့ပြီး လူသေဆုံးခဲ့ပြီး လူအများထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာရန်ကုန် မှနေပြည်တော်သို့ ယာဉ်မောင်း ဇော်ထက် မောင်းနှင်လာသော YUTONG အမျိုးစား(ခရမ်းရောင်) “ရွှေမန်းသူယာဉ်လိုင်း”မှ ခရီးသည်တင် EXPRESSသည် အခင်းဖြစ်နေရာအရောက်တွင် ယာဉ်​မောင်းအိပ်ငိုက်၍ လမ်း၏ယာဘက်မြေသားလမ်းပေါ်သို့ရောက်ရှိကာ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ၍ ရေနုတ်မြောင်းပေါ်တွင် အလျားလိုက် လဲကျတိမ်းမှောက်ရပ်တန့်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသော ယာဉ်မောင်းပါ စုစုပေါင်း(၂၃)ဦးအနက်မှ ဒေါ်ခင်လှမျိုး (၆၁)နှစ်၊ (ဘ)ဉီးစောလွင် ၊ ဇဗ္ဗူသီရိမြို့နယ် ၊နေပြည်တော်နေသူသည် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ကျန်ခရီးသည်များအနက်မှ ကျား(၄)ဦး၊ မ(၁၁)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ဆေးကုသနေရကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ လူသေဆုံး/ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ယာဉ်မောင်း ဇော်ထက်အား ဥပဒေ အရ အရေးယူပေးရန် ဒုရဲအုပ် နိုင်လင်းထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈/၂၀၂ အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

#PAN