ဧရာဝတီမြစ်ရေ မြင့်တက်လာမှု့ကြောင့် မင်းဘူး – စကုမြို့နယ်ရှိ မြေနိမ့်ပိုင်းကျေးရွာအချို့မှ ဒေသ ခံ ၁၅၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရ

သြဂုတ် ၂၃

           မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး – စကုမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ဧရာတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းကျေးရွာအချို့တွင် မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

        ထိုသို့ ရေဝင်ရောက်လာမှုကြောင့် မင်းဘူး – စကုမြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံမကြီးကျေးရွာမှ အိမ်ထောင်စုပေါင်း ၆၀ စု၊ လူဦးရေ ၁၁၀ ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ ကျောက်ကုန်းနှင့် သံကန်တန်း ၇ နေရာများ၌ ယာယီရွှေ့ပြောင်းထားရသလို ထောက်ရှာ ပင်ကျေးရွာအုပ်စု၊ တပင်ရွာမှ အိမ်ထောင်စု ၈ စု၊ လူဦးရေ ၃၅ ဦးတို့ကိုလည်း နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီပြောင်းရွှေ့ပေးထားရကြောင်းသိရသည်။

         မြစ်ရေဝင်ရောက်မှုကြောင့် ထုံးမကြီးကျေး ရွာမှ အခြေခံပညာမူလတန်းကျောင်းနှင့် နိဗ္ဗာန်ကျွန်းကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်းများကို မြစ်ရေကျသည့်အချိန်ထိ ယာယီပိတ်ထားရကြောင်း သတင်းရရှိပါသည်။

#PAN