ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော် ရတနာ ရဋ္ဌနန္ဒက ၏ တစ်နှစ် မြောက်မွေးနေ့အထိမ်းအမှတ် ”နှစ်သောင်းကျပ်တန် ” ငွေစက္ကူ အမျိုးအစားသစ်ထုတ်ဝေမည်

ဇူလိုင် ၂၃

     မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပမှုအား ပြသ ရန်၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီး အေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်တည်ဆောက် ထားသည့် ” မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်း အမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ ” ရဋ္ဌနန္ဒက ” ၏ တစ်
နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အနေဖြင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ” နှစ်သောင်းကျပ် တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ ထုတ်ဝေမည် ဖြစ်ကြောင်း သိရပါသည်။

    ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသော်ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစားအသီးသီးတို့နှင့် ” တန်ဖိုးတူ “လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဖြစ်ပါသည်။ကနဦးအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် – နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲ တို့တွင် ဟောင်းနွမ်း ငွေစက္ကူများနှင့် ” တန်ဖိုးတူ လဲလှယ်ပေးမည် ဖြစ်ပါ သည်။

      လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများ နှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

     ငွေစက္ကူသစ်နှင့် ပတ်သက်သည့်အချက် အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

နှစ်သောင်းကျပ်တန်ငွေစက္ကူ
အရွယ်အစား။အလျား(၁၅)စင်တီမီတာ နှင့် အနံ   (၇)စင်တီမီတာ
ပေါ်လွင်သောအရောင် ။အစိမ်းနုရောင်
မျက်နှာစာဘက် ။နှစ်သောင်းကျပ်တန်ငွေစက္ကူ  ၏ ထိပ်ပိုင်းတွင် ” မြန်မာနိုင်ငံတော်ဗဟိုဘဏ် “စာတန်းရိုက်နှိပ်ထားပါသည်။ မျက်နှာစာဘက်အလယ်ပိုင်းတွင် မြန်မာ့ အနုပညာလက်ရာမြောက် ရတနာဆင်ဖြူ တော်ပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစကက္ကူတန်ဖိုးကို မြန်မာစာသားဖြင့် “နှစ်သောင်း ကျပ်” ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့် တွင် လည်း ငွေစက္ကူ၏တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာအင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက် ရိုက်နှိပ်ထား ပါသည်။ ငွေစက္ကူ ၏လက်ဝဲဘက်တွင် ရတနာ ဆင်ဖြူတော် ဦး ခေါင်းပုံရေစာပါရှိပါသည်။ ငွေစက္ကူ၏ ဘယ်ညာ
အစွန်းများတွင် အမြင်အာရုံ ချို့ယွင်းသူများ
အထိအတွေ့ဖြင့် အာရုံခံသိရှိနိုင်သော မျဉ်းတို (၁၂)ချောင်းစီကို ရိုက်နှိပ်ထားပါသည်။

ကျောဘက်။နှစ်သောင်းကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင်စစ်ကိုင်းတံတားပုံနှင့်ဧရာဝတီတံတား (ရတနာပုံ)အား ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “ CENTRAL BANK OF MYANMAR ” စာတန်း ၊ အောက်ပိုင်း၌ “TWENTY THOUSAND KYATS”ဟူသောစာတန်းများ ရိုက်နှိပ်ထား ပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုး များကို မြန်မာ၊ အင်္ဂလိပ်
ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ နောက်ကျောဘက်တွင် ရှုထောင့် အမျိုးမျိုးမှ ပြောင်းလဲကြည့်လျှင် ရွှေရောင်မှ အစိမ်း ရောင်သို့ ပြောင်းလဲသော Colour Shift လုံခြုံရေးကြိုး ကို ဒေါင်လိုက် မြှုပ်နှံ ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားပါသည်။

#PAN