မြစ်ငယ်မြို့၊ မီးရထားဆေးရုံ ဆေးရုံအုပ်ကြီးနှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ကျူးလွန်ခဲ့သည့် မြစ်ငယ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

ဇူလိုင် ၁၈

      နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန်ရည်ရွယ် ချက်ဖြင့် လူစည်ကားရာနေရာများအား ဖောက်ခွဲတိုက်ခိုက်ခြင်းများ၊ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် CDM ပြုလုပ်ခြင်းမရှိသော နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်မှုများ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူ လူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သမားများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် နိုင်ငံ့ဝန်ထမ်းများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုများကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့တိုင်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် အမရပူရမြို့နယ်၊ ဝက်ကုန်းတမာတန်းရပ်ကွက်တွင် မြစ်ငယ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် သီဟဇော်ထွေး(ခ)သီဟအား Sig Sauer ပစ္စတို ၁ လက်၊ ၎င်း ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံ သီဟဇော်ထွေး၏ ထွက်ဆိုချက်အရ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စွယ်တော်ဘုရားရှေ့တွင် မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် အောင်ဘိုဘိုသန်း (ခ) ဘိုသန်းနှင့် လုရီ(ခ) သန့်ဇင်ဦး တို့အားလည်းကောင်း၊ မြစ်ငယ်လမ်း ဆုံ၌ မင်းမင်းဟိန်း (ခ) လေဒီအားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။

      ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သီဟဇော်ထွေးနှင့် မင်းမင်းဟိန်းတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် မြောင်မြို့ နယ်၊ နဂါးပေါက်ကျေးရွာအနီး မြစ်ငယ် PDF အမည်ခံအကြမ်းဖက်စခန်း၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းအား တက်ရောက်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ဝင်းထွန်း ခေါင်း ဆောင်၍ သီဟဇော်ထွေး၊ လုရီ၊ အောင်ဘိုဘိုသန်း၊ မင်းမင်းဟိန်း၊ ဖမ်းဆီးရန်ကျန် တရားခံ ဝမ်းတီး၊ ငြိမ်းကြီး၊ တင့်ဝေ၊ ဇော်နောင် (ခ) ကြက်သားတုံးနှင့် ရဲလင်းမောင်တို့ အပါ အင်အား ၁၅ ဦးဖြင့် မြစ်ငယ် PDF အကြမ်းဖက်အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

     ဖမ်းဆီးရမိတရားခံ သီဟဇော်ထွေး၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မေလပထမပတ်တွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော NUG မှ တရားခံပြေး ဇော်ဝေစိုးမှ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့၊ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်တင်ချိုချိုကို သည် CDM မလုပ်သည့်အပြင် CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ပြန် လည်စည်းရုံးခေါ်ယူလျက်ရှိသဖြင့် လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ သို့ဖြစ်၍ တရားခံ သီဟဇော်ထွေး၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဇော်နောင် (ခ) ကြက်သားတုံးနှင့် ရဲလင်းမောင်တို့သည် ဒေါက်တာ ဒေါ်တင်ချိုချိုကိုအား လုပ်ကြံသတ်ဖြတ်ရန် အခြေအနေစောင့်ကြည့်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

       မေလ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့၊ ဈေးကွက်သစ်ရပ်ရှိ “ချို” ဆေးခန်း၌ မြစ်ငယ်မြို့၊ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်တင်ချိုချိုကိုအား သီဟဇော်ထွေးမှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဇော်နောင်(ခ)ကြက်သားတုံးနှင့် ရဲလင်းမောင် တို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား ကြည့်ရှုပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

     ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အကြမ်းဖက် အုပ်စုအဖြစ်ကြေငြာထားသော NUG မှ တရားခံပြေး ဇော်ဝေစိုးနှင့် ဝင်းထွန်းတို့၏စေခိုင်းမှုဖြင့် စဉ့်ကိုင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု ၂ ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု ၁ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-

    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် ပလိပ်မြို့၊ ဘူတာရပ်တွင် နေထိုင်သည့် ဦးဘုန်းကျော်အား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဝမ်းတီးနှင့် ငြိမ်းကြီးတို့မှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုတွင် သီဟဇော်ထွေးနှင့် ဖမ်းဆီးရန်ကျန် တရားခံ တင့်ဝေတို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေ အနေအား ကြည့်ရှုပေးခဲ့ကြောင်း။

    ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် သီဟဇော်ထွေးသည် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ် ရပ်ကွက်ရှိ Heart Zoom စားသောက်ဆိုင်အား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

       အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေးဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်း ဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက် ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။

#PAN