မြင်းခြံမြို့နယ်၊ရွှေပေါ်ကျွန်းကျေးရွာတွင် ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှုး သားအဖ နှစ်ဦးကို လူသတ်အကြမ်းဖက် PDF များက နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်ပြီး သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ဇူလိုင် ၄

      ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊နဘူးအိုင်ကျေး ရွာအုပ်စု၊ရွှေပေါ်ကျွန်းကျေးရွာနေသူများဖြစ်ကြသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးသန်းထွန်းအောင်၊၅၆နှစ်၊(ဘ)ဦးစီးပွားနှင့် ၎င်း၏ သားဖြစ်သူ ဝဏ္ဏအောင်၊၁၈နှစ်တို့ကို လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDFများက ၎င်းတို့နေအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ သေဆုံးသူ ဦးသန်းထွန်းအောင် သည် နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်မြတ်မြတ်မျိုး၊၅၁နှစ်၊(ဘ)ဦးအုန်းမောင်၊သားဖြစ်သူ မောင်စည်သူအောင်၊မောင်ဝဏ္ဏအောင်၊မောင်တေဇအောင်တို့နှင့်အတူရှိနေစဥ် အကြမ်းဖက်သမား ၆ဦးခန့်၊ဆိုင်ကယ် ၃စီးဖြင့် သေနတ်များကိုင်ဆောင်ကာ နေအိမ်ခြံဝင်းအတွင်း မောင်းနှင်ဝင်ရောက်လာသဖြင့် ၎င်းတို့မိသားစုမှ နေအိမ်တံခါးအား သော့ပိတ်ကာ နေအိမ်အတွင်း ပုန်းအောင်းနေခဲ့ရာ အကြမ်းဖက်သမားများက နေအိမ် သစ်သားပြူတင်းပေါက်များကို ရိုက်ချိုးကာ ပွင့်ထွက်သွားသော ပြူတင်းပေါက်မှတဆင့် နေအိမ်အတွင်းရှိ ဦးသန်းထွန်းအောင်နှင့်ဝဏ္ဏအောင်တို့အား ဒလန်သားအဖ သေဖို့သာပြင်ဟု ပြောဆိုပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊အကြမ်းဖက်သမားများသည် နေအိမ်မှပြန်အထွက်တွင် ဦးသန်းထွန်းအောင်၏ သားအကြီးဖြစ်သူ မောင်စည်သူအောင်၊၂၀နှစ်၊(ဘ)ဦးသန်းထွန်းအောင်၊(ပြည်ခိုင်ဖြိုးပါတီ၊မြင်းခြံမြို့နယ် လူငယ်အဖွဲ့ဝင်)အား ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာမြောက်ဘက်လမ်းအတိုင်း နဘူးအိုင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရပါသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းထွန်းအောင် တွင် ဝဲဘက်လက်ကောက်ဝတ် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲဘက် ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာဘက် ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-ပုခုံး ပွင့်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့်လည်းကောင်း၊ ဝဏ္ဏအောင်၊တွင် ဝဲဘက် မျက်စိဘေး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-နားထင် ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့်လည်းကောင်း အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း ၊အခင်းဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၄ခွံအား တွေ့ရှိရကြောင်း၊ သေဆုံးသူ ဦးသန်းထွန်းအောင် နှင့် ဖမ်းဆီးခြင်းခံရသူ မောင်စည်သူအောင် တို့သည် ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ်ကြကြောင်း၊ သေဆုံးသူ မောင်ဝဏ္ဏအောင်မှာ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN