မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူတွေကို ထောက်ပံ့မယ့် မျိုးစပါးတင်း ၇ သောင်းကျော်အနက် သုံးသောင်းခန့်ကို ပထမအကြိမ် ပို့ဆောင်

ဇွန် ၂၇

        မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ဒေသက တောင်သူလယ်သမားတွေ မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရန်ဖို့အတွက် ထောက်ပံ့ပေးသွားမယ့် မျိုးစပါးတင် ၇ သောင်းကျော်အနက်က သုံးသောင်းခန့်ကို ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့မှာ ပထမအကြိမ် သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပေါ်ဆန်းမွှေး၊ နှံကောက်နဲ့ GW 11(ဒေသအခေါ် ကောက်ချေစပါး) စတဲ့ မျိုးစပါးများကို တောင်သူတွေဆီကို စပါးစိုက်ချိန်အမီ ပေးနိုင်ဖို့အတွက် တပ်မတော်မော်တော်ယာဉ်များတွေနဲ့ စစ်တွေမြို့ကို အရောက်ပို့ဆောင်ပေးသွားမှာြဖစ်တယ်လို့ ဇွန် ၂၅ ရက်နေ့ထုတ် “မြန်မာ့အလင်း”သတင်းစာမှာ အသိပေး ရေးသားထားပါတယ်။

“စပါးပေါ်ချိန် ပြန်ဆပ်ရမယ်၊ ဒါမှမဟုတ် သက်သာတဲ့ အကြွေးစနစ်နဲ့ ဝယ်ရမှာလို့ ထင်ထားတာ။ ဒီအတိုင်း အကူအညီပေးမယ်ဆိုလို့ အတိုင်းမသိ ဝမ်းသာရတာပေါ့။ အခုလို အစစအရာရာဈေးကြီးနေတဲ့ အချိန်မှာ ပျက်စီးသွားတဲ့ မျိုးစပါးတွေကို ပြန်ပြီးဝယ်ယူဖို့ဆိုတာ အခြေခံလယ်သမားတွေအတွက် မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို လယ်သမားတွေ ရေနစ်နေချိန် ကောက်ရိုးတစ်ပင် ဆုပ်ကိုင်ခွင့်ပေးလို့ ဝမ်းသာပါတယ်”လို့ စစ်တွေမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မောင်တော စတဲ့မြို့နယ်တွေက လယ်သမားတွေရဲ့ မျိုးစပါးတင်းပေါင်း ၇၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ နစကက စာရင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ စီမံလမ်းညွှန်မှုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မျိုးစပါး ၇၃,၃၉၇ တင်း ထောက်ပံ့ပေးသွားဖို့ နစကအစိုးရက ကြေညာထားတာဖြစ်ပါတယ်။

အဲဒီမျိုးစပါးတွေအနက်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်က ပေါ်ဆန်းရင်မျိုးစပါး ၁၄၀၀၀ တင်း၊ နေပြည်တော်ကောင်စီနယ်မြေက GW-11 မျိုးစပါး ၉၂၅၃ တင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်က နှံကောက်မျိုးစပါး ၄၃၃၀ တင်း၊ စုစုပေါင်း မျိုးစပါးတင်း ၂၇၅၈၃ တင်းကို တပ်မတော်မော်တော်ယာဉ် ၁၃၀ စီးနဲ့ ဇွန် ၂၄ ရက်နေ့က ပထမအကြိမ် သယ်ယူပို့ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“လယ်သမားတွေအတွက် လိုအပ်တဲ့ မျိုးစပါးတွေဝယ်ယူဖို့ ငွေကြေးအခက်အခဲတွေကြောင့် အလကား(အခမဲ့)ပေးနိုင်ရင် ပိုထိရောက်မှာပါ။ ဒါပေမယ့် အခုပေးမယ့် မျိုးစပါးတွေဟာ တကယ်ကို လိုအပ်နေတဲ့ လယ်သမားတွေလက်ထဲကို အရောက်ပို့ပေးဖို့ အရေးကြီးပါမယ်”လို့ မြောက်ဦးမြို့နယ်က လယ်သမားတစ်ဦးက ဆိုပါတယ်။

#PAN

#မျိုးစပါးပို့ပေး
#ရခိုင်တောင်သူ
#မိုခါမုန်တိုင်းဒဏ်သင့်
#နစက