တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

PAN, ဇွန် ၂၇

တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့အချို့ဟာ မြန်မာ့တပ်မတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်က NSPNC ခန်းမမှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်လိုတဲ့ အချက်တွေ၊ ယခင်ဆွေးနွေးပွဲတွေက သဘောတူထားတဲ့ အချက်အလက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စရပ်တွေ၊ ဒေသတည်ငြိမ်ရေးကိစ္စရပ်တွေေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။

EAOs ၅ ဖွဲ့ဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပြီး ဆွေးနွေးပွဲမှာ ၃ ရက်တာ ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

NCA–S EAO ၇ ဖွဲ့ထဲက လက်ရှိ ၅ ဖွဲ့မှာ မြန်မာ့တပ်မတော်နဲ့ ဆွေးနွေးနေတာဖြစ်ပြီး ကျန်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့မှာလည်း မြန်မာ့တပ်မတော်နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့က မြန်မာ့တပ်မတော်ငြိမ်းချမ်းရေးအဖွဲ့နဲ့ NCA လက်မှတ်ရေးထိုး မထားတဲ့ ရခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ ငြိမ်းချမ်းရေးအတွက် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာတပ်မတော်က တိုင်းပြည်အာဏာကို ထိန်းယူပြီးနောက်ပိုင်းမှာ မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၀၀ ကျော်နဲ့ ယခင်ကတည်းကလည်း ဆွေးနွေးပွဲ ၅၀၀၀ ကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇွန် ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

PAN

ငြိမ်းချမ်းရေးဆွေးနွေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

မြန်မာ့တပ်မတော်

NCA #EAOs #NSPNC