ငွေကျပ်ဘီလီယံ ၉၄၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို နစက မီးရှို့ဖျက်ဆီးနိုင်ခဲ့

ဇွန် ၂၇

၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ    မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ်နေ့မှာ မြန်မာငွေကျပ်ဘီလီယံ ၉၄၀ ခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို နစက က မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ယမန်နေ့ ဇွန် ၂၆ ရက်နေ့မှာ ကျရောက်တဲ့  ၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ    မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ်နေ့ အခမ်းအနားတွေကို နေပြည်တော်ကောင်စီနယ်မြေ၊   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွေနဲ့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ ပြုလုပ်ကျင်းပပြီး မြန်မာနိုင်ငံအတွင်း  တစ်နှစ်တာကာလ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေနဲ့  ဆက်စပ်ပစ္စည်းတွေကို    မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ နစက က သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်၊  တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၂၃ မျိုးနဲ့ ဓာတုပစ္စည်း ၅၂ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၅ ဒသမ ၂၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၁၇၅ သန်း) ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း  ဒဂုံဧရာကုန်တင်ယာဉ် ရပ်နားကွင်းမှာ  ပြုလုပ်တဲ့ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေက မူးယစ်ဆေးဝါး ၂၀ မျိုးနဲ့  ဓာတုပစ္စည်း ၁၆ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၃၆ ဒသမ ၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၀၇ ဒသမ ၈၃၆၄ သန်းကျော်) ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တဖန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်  ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်းမှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနားမှာ  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ၊  အလယ်ပိုင်းဒေသတွေက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၁၉ မျိုးနဲ့ ဓာတုပစ္စည်း ၁၅ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၄၄ ဒသမ ၉၉၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၀၄၆၇ သန်း) ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင် ယခုနှစ်မှာ ဖမ်းဆီးရမိတဲ့ ဘိန်း ၁၁၃၀ ဒသမ ၁၄၉ ကီလိုကျော်၊   ဘိန်းဖြူ ၁၂၆၅ ဒသမ ၇၇၇ ကီလိုကျော်၊   စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉ ဒသမ ၃၆၇ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁ ဒသမ ၅၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁ ဒသမ ၁၆၅ ကီလိုကျော်နှင့်  ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆ ဒသမ ၇၂၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း) တို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ နစက က ယမန်နေ့ ဇွန် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#PAN
#မူးယစ်ဆေးဝါးတိုက်ဖျက်ရေး
#ဘီလီယံ၉၀၀ကျော်
#မီးရှို့ဖျက်ဆီး
#၃၆ကြိမ်မြောက်
#နစက