ပဲခူးတွင် လမ်းပြောင်းပြန်မောင်းလာသည့် ဆိုင်ကယ်နှင့် “ဂ” ကွေ့သည့် CHENG LONG ယာဉ် တိုက်မိ၊ အသက် ၂၆ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ သေဆုံး

(မှုခင်း) နိုဝင်ဘာ ၁၃

ပဲခူးမြို့တွင် လမ်းပြောင်းပြန်မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် လမ်းလယ်ကျွန်းမှတစ်ဆင့် “ဂ” ပုံစံ ပြန်လည်ကွေ့နေသည့် CHENG LONG အမျိုးအစား မော်တော်ယာဉ်တို့ တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးပြီး အတူလိုက်ပါလာသူတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုမှာ နိုဝင်ဘာ ၁၂ ရက် ညပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ ရန်ကုန်-ပဲခူးကားလမ်းမပေါ်ရှိ မောင်ကောင်းစားသောက်ဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသသတင်းများအရ ဆိုင်ကယ်မှာ မောင်ကောင်းစားသောက်ဆိုင်မှ ထွက်လာပြီး ရန်ကုန်-ပဲခူးကားလမ်း၏ ယာဉ်ကြောအတွင်း လမ်းပြောင်းပြန်မောင်းနှင်ကာ လမ်းလယ်ကျွန်းဘက်သို့ ဦးတည်လာခဲ့ကြောင်း သိရသည်။

ထိုအချိန် ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် CHENG LONG အမျိုးအစား မော်တော်ယာဉ်မှာ မောင်ကောင်းဆိုင်အနီး လမ်းလယ်ကျွန်းဖြတ်သည့်နေရာသို့ ရောက်ရှိစဉ် ပဲခူးဘက်သို့ “ဂ” ပုံစံ ပြန်လည်ကွေ့နေခဲ့ရာ ဆိုင်ကယ်က ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ သီးသန့် (၂၄) လမ်းနေ သီဟဇော် (၂၆ နှစ်) နှင့် အတူလိုက်ပါလာသူ ကျော်ကျော် (၂၆ နှစ်) တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး နှစ်ဦးစလုံးကို ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဆိုင်ကယ်မောင်းနှင်သူ သီဟဇော်မှာ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျော်ကျော်မှာလည်း အတွင်းလူနာအဖြစ် စိုးရိမ်ရသည့်အခြေအနေဖြင့် ကုသမှုခံယူခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews

#PAN