ပဲခူးမြို့ ဟင်္သာကုန်းမီးပွိုင့်တွင် မီးနီဖြတ်မောင်းသည့် ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှုဖြစ်၊ ၃ ဦး ဒဏ်ရာရ


(မှုခင်း) နိုဝင်ဘာ ၁၃


ပဲခူးမြို့၊ ဟင်္သာကုန်းမီးပွိုင့်လမ်းဆုံတွင် မီးပွိုင့်အချက်ပြမှုကို မလိုက်နာဘဲ အရှိန်ပြင်းမောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် မီးစိမ်းချိန်တွင် လမ်းဖြတ်မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှုမှာ နိုဝင်ဘာ ၁၂ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူး-သနပ်ပင်ကားလမ်းအတိုင်း နာရီစင်ဘက်မှ မောင်းနှင်လာသည့် ဦးအောင်ကျော်မိုး (၄၃ နှစ်) ၏ Hensim 125 ဆိုင်ကယ်သည် မီးပွိုင့်နီနေစဉ် မြို့ပတ်လမ်းဘက်သို့ အရှိန်ဖြင့် ချိုးကွေ့မောင်းနှင်ခဲ့ကြောင်း သိရသည်။


ထိုအချိန် သနပ်ပင်ဘက်မှ မီးစိမ်းသဖြင့် မောင်းထွက်လာသည့် ဦးခိုင်မိုး (၅၃ နှစ်) မောင်းနှင်ပြီး မတင်တင်မော် (၃၆ နှစ်) လိုက်ပါလာသော Dream 125 ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။


တိုက်မိမှုကြောင့် Hensim 125 ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်ကျော်မိုးမှာ ဦးခေါင်းဒဏ်ရာရရှိကာ သတိလစ်မေ့မြောသွားခဲ့ပြီး ကျန်နှစ်ဦးဖြစ်သည့် ဦးခိုင်မိုးနှင့် မတင်တင်မော်တို့တွင်လည်း ပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


ဒဏ်ရာရရှိသူ သုံးဦးစလုံးကို ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။


Telegram – t.me/positiveanglenews

#PAN