(ပြည်တွင်း) နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ခမီတိုင်းရင်းသားများ၏ အမည်ကို “ခမီ” ဟု တစ်ပြေးညီသတ်မှတ်နိုင်ရေးအတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုပြုတင်ပြသွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လွှတ်တော်ရုံးခန်းမ၌ ပြည်နယ်လွှတ်တော်တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ခမီတိုင်းရင်းသားများ၏ အမည်၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားအမည်ကို “ခမီ” ဟု တစ်ပြေးညီအသုံးပြုနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ အဆိုပြုတင်ပြရန် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN