နမ့်စန်၌ အခွန်မဆောင်ရသေးသည့် တရုတ်ထုတ် လူသုံးကုန်ပစ္စည်း ကျပ် ၁၁၃ သိန်းကျော် ဖမ်းဆီးရမိ၊ ယာဉ်မောင်းကို အမှုဖွင့်

(မှုခင်း) နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် တာဆိုင်းတံတား လုံခြုံရေးဂိတ်တွင် အခွန်ဆောင်ခွင့်မရသေးသည့် တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ သယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်မောင်းအမျိုးသားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် ညပိုင်းက နမ့်စန်-ခိုလန်သွား ကားလမ်းပေါ်ရှိ တာဆိုင်းတံတား လုံခြုံရေးဂိတ်တွင် အောင်သန်းထွန်း မောင်းနှင်လာသည့် အနက်ရောင် Alphard မော်တော်ယာဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုအတွင်း ယာဉ်ပေါ်မှ အခွန်ဆောင်ခွင့်မရသေးသည့် တရုတ်နိုင်ငံထုတ် စီးကရက် ၃၃ ဖာ၊ သွားတိုက်ဆေး ၈၄၀ ဘူး၊ သွားတိုက်တံ ၁,၆၂၀ ချောင်း၊ မီးခြစ် ၂၄,၀၀၀ ခုနှင့် လိုးရှင်း ၉၀ ဘူးတို့ကို တွေ့ရှိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၁၃ သိန်းကျော်ရှိကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်း အောင်သန်းထွန်းကို နမ့်စန်မြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN