မိတ္ထီလာပညာရေးဒီဂရီကောလိပ်ရှိ မြေအောက်ရေကန်အတွင်း ဆင်းရာမှ လူ ၄ ဦး သေဆုံး၊ တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

(မှုခင်း) နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာပညာရေးဒီဂရီကောလိပ်အတွင်း မြေအောက်ရေကန်အတွင်းသို့ ဆင်းရောက်လုပ်ကိုင်ရာမှ လူ ၄ ဦး သေဆုံးပြီး တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အဆိုပါကောလိပ်အတွင်းရှိ အလျား ၁၈ ပေ၊ အနံ ၁၈ ပေနှင့် အနက် ၆ ပေခွဲရှိ မြေအောက်ရေကန်အတွင်းသို့ ထောက်တိုင်များ ဖြုတ်ယူရန် ဆင်းသွားရာမှ အောက်ဆီဂျင်ပြတ်လပ်ကာ သတိလစ်လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်သိပြည်သူတစ်ဦးက ဖုန်းဆက်သတင်းပေးပို့ခဲ့သဖြင့် မိတ္ထီလာခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ လူ ၄ ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN