တောင်ကြီးတွင် မသင်္ကာဖွယ် အမျိုးသား ၂ ဦးကို စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူမှု ပေါ်ပေါက်၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်

(မှုခင်း) နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်အတွင်း မသင်္ကာဖွယ် အမျိုးသား ၂ ဦးကို နယ်မြေလှည့်ကင်းအဖွဲ့က ခေါ်ယူစစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက် ည ၁၀ နာရီခန့်က တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ကံသာရပ်ကွက်၊ အောင်မြေလမ်းအရောက်၌ မသင်္ကာဖွယ် အမျိုးသား ၂ ဦးကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်အရ ၎င်းတို့မှာ တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ ချစ်ရင်ထူးနှင့် ထက်ထက်နိုင် (ခ) စလင်းတို့ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်က တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့တွင် ဇက်သော့ခတ်ရပ်ထားသည့် Honda Dream 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်ကို ဇက်သော့ချိုးဖျက်ကာ ခိုးယူမောင်းနှင်ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆိုင်ကယ်ခိုးယူမှုနှင့်ပတ်သက်၍ ချစ်ရင်ထူးနှင့် ထက်ထက်နိုင် (ခ) စလင်းတို့ ၂ ဦးကို တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN