(စီးပွားရေး) အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင် ၄၁ ဆိုင်မှ ယာဉ်အစီးရေ ၃၆,၀၀၀ ခန့်ကို နေ့စဉ် ဓာတ်ငွေ့ဖြည့်တင်းပေးနေကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေစေရန် CNG အသုံးပြုယာဉ် ၂၆,၉၅၇ စီးကို မှတ်ပုံတင်ခွင့်ပြုထားသည်။ယင်းယာဉ်များတွင် ကုန်စည်ယာဉ် ၁,၂၇၅ စီး၊ YBS ခရီးသည်တင်ယာဉ် ၅,၅၁၆ စီး၊ အခြားခရီးသည်တင်ယာဉ် ၆၄၂ စီး၊ စင်းလုံးငှားနှင့် Taxi ယာဉ် ၁၇,၉၉၁ စီး၊ ကြိုပို့ယာဉ် ၁၈၄ စီး၊ ကိုယ်ပိုင်စီးပွားသုံးယာဉ် ၁,၁၅၉ စီးနှင့် ဌာနဆိုင်ရာယာဉ် ၁၉၀ စီး ပါဝင်သည်။
CNG အရောင်းဆိုင်များကို နေ့စဉ် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ယာဉ်အစီးရေနှင့် ဓာတ်ငွေ့ဖြည့်သွင်းသည့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။
လက်ရှိတွင် အရောင်းဆိုင် ၄၁ ဆိုင်သို့ YBS ယာဉ် ၃,၃၀၀ ခန့်၊ Taxi ယာဉ် ၃၁,၀၀၀ ခန့်နှင့် အခြားယာဉ် ၁,၅၀၀ ခန့် နေ့စဉ် လာရောက်ဖြည့်သွင်းလျက်ရှိသည်။ တစ်နေ့လျှင် နှစ်ကြိမ် ဖြည့်သွင်းသည့်ယာဉ်များလည်း အဆိုပါစာရင်းတွင် ပါဝင်သည်။
မော်တော်ယာဉ်သုံး CNG ကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးနေပြီး တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၂၆ ကုဗပေသန်းခန့် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN