(မှုခင်း) အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ငရုတ်ခြံသို့ သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦး ခြံအတွင်း၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ တခါးယာဉ်ရွာတွင် နေထိုင်သည့် မနန်းလေးသည် အောက်တိုဘာ ၁၉ ရက်က နောင်ဝိုးတောင်ပေါ်ရှိ တောထူထပ်သော ငရုတ်ခြံသို့ တစ်ဦးတည်း သွားရောက်ခဲ့ပြီး ညနေပိုင်းအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက် နံနက်တွင် မနန်းလေးကို လိုက်လံရှာဖွေခဲ့ရာ ငရုတ်ခြံအတွင်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ မျက်နှာ၊ လည်ပင်းနှင့် လက်တို့တွင် ဓားဒဏ်ရာများ တွေ့ရှိရသည့်အပြင် ဆံပင်များကိုလည်း အပိုင်းပိုင်း ခုတ်ဖြတ်ထားကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူ၏ ဖုန်းနှင့် ရွှေနားကပ်တို့မှာ အခင်းဖြစ်နေရာတွင် ကျန်ရှိနေခဲ့ကြောင်း သိရပြီးသေဆုံးသူ၏ ရုပ်အလောင်းကို ရွာသားများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂၀ ရက်တွင် နေရပ်၌ ပြန်လည်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူတွင် အသက် ၁၂ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရပြီး လက်ရှိတွင် အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN