(နိုင်ငံရေး) အောက်တိုဘာ ၂၁
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ဖြစ်ရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မြတ်ဦးက ပြောကြားသည်။
ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ဆက်ဆံရေးကောင်းမွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ခိုင်မာသည့် ပြည်ထောင်စုဖြစ်ရန်လိုအပ်သကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့် ပြည်ထောင်စုလည်း ဖြစ်ရန်လိုကြောင်း၊ ပြည်ထောင်စုအစိုးရသည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့်အတွက် ခိုင်မာအားကောင်းရန်လိုအပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့်လည်း လွတ်လပ်စွာလုပ်ကိုင်နိုင်ရန် လုပ်ပိုင်ခွင့်အပြည့်အဝရှိရန်လိုကြောင်း ဒေါက်တာအောင်မြတ်ဦးက ပြောကြားသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပလျက်ရှိသည်။အဆိုပါဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၀)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Telegram – t.me/positiveanglenews
#PAN