မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်

(ပြည်တွင်း) စက်တင်ဘာ ၃၀

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုများနှင့် အခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နှင့် စစ်ရေယာဉ် ဆင်ဖြူရှင်တို့သည် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံး (ကြည်း၊ ရေ၊ လေ) တို့က မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်လာမည့် စစ်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews

#PAN