NCA-S EAOs နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ရေး အလေးထားဆောင်ရွက်မည်

(ပြည်တွင်း) စက်တင်ဘာ ၃၀

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက်အမှတ် (၁/၂၀၂၆) ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ LDU အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ DKBA စစ်ရေးချုပ် စောစိန်ဝင်း၊ ALP အထွေထွေအတွင်းရေးမှူး စောမြသန္တာနှင့် NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်သည့် ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က EAO များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မတူညီသည့် ရည်မှန်းချက်များနှင့် လိုလားချက်များရှိနေသည့်အပေါ် အစုအဖွဲ့အလိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းဖြစ်စေ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်သူလူထုကိုယ်စားပြုသည့် နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်များအဖြစ်မဟုတ်ဘဲ အတူတကွပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးအတွက် သင့်လျော်သည့်လမ်းကြောင်းများဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသဖြင့် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်နိုင်ရေးနှင့် အရေးကြီးသည့် ယုံကြည်မှုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် စီမံဆောင်ရွက်ထားမှုအခြေအနေများ၊ NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် တိကျသည့် သဘောတူညီချက်များ ချမှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက NCA အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆွေးနွေးမှုပုံစံနှင့် ဆွေးနွေးမည့်အကြောင်းအရာများ၊ ယုံကြည်မှုတည်ဆောက်ရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အခြေခံမူများရရှိရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပါဝင်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် EAO များ အခြေပြုရာဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၌ ပြည်သူလူထုအခြေပြု ဆွေးနွေးပွဲများနှင့် ဖိုရမ်များ ကျင်းပနိုင်ရေးအပါအဝင် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ပထမနေ့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်တွင် ရပ်နားခဲ့ပြီး ဒုတိယနေ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၃၀ ရက်တွင် ဆက်လက်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN