(ပြည်တွင်း) စက်တင်ဘာ ၃၀
e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက်ကျယ်ပြန့်စွာ အကောင်အထည်ဖော်ပြီး အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government သို့ ကူးပြောင်းနိုင်ရေးအတွက် Public-Private Partnership (PPP) မူဘောင်များ ဖော်ဆောင်ရေး၊ Single Window နှင့် One-Stop Digital Services Platform များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် သတင်းအချက်အလက်လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို e-Government ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
e-Government ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂)၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ဦးဆောင်ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးညိုစောက နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက်ကျယ်ပြန့်စွာ အကောင်အထည်ဖော်ပြီး အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့သည်။
ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အစိုးရကဏ္ဍတစ်ခုတည်းက ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍနှင့် နည်းပညာကျွမ်းကျင်သူများ ပူးပေါင်းပါဝင်သည့် Public-Private Partnership (PPP) မူဘောင်များ ဖော်ဆောင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူများအတွက် ဝန်ဆောင်မှုများကို Single Window နှင့် One-Stop Digital Services Platform များမှတစ်ဆင့် ပေးနိုင်ရေး၊ သတင်းအချက်အလက်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားအဆင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၃၀ နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတက ပြည်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် e-Government မှတစ်ဆင့် Digital Government တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ဌာနများနှင့် အဖွဲ့အစည်းများအားလုံးက စနစ်တကျ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌက e-Government အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ကော်မတီအတွင်းရေးမှူးက e-Government အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့သည်။
ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် ညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN