ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အထောက်အထားမရှိသူများကို စာရွက်စာတမ်းအတုဖြင့် စစ်မှုထမ်းထည့်သွင်းခြင်း မပြုရန် လဝက ဝန်ကြီးပြော

(ပြည်တွင်း) စက်တင်ဘာ ၃၀

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း မရှိသူများကို လမ်းတွင်တွေ့ရှိ၍ အိမ်ထောင်စုစာရင်းအတု၊ နိုင်ငံသားစိစစ်ရေးကတ်အတုများ ပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်းအဖြစ် ထည့်သွင်းခြင်း မပြုလုပ်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အသိပေးမှာကြားခဲ့ကြောင်း သိရသည်။

ဦးမြင့်ကြိုင်က အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်စဉ်များမှာ လက်ရှိအချိန်တွင် ရာဂဏန်းအထိ ရှိလာပြီဖြစ်ပြီး အရေးယူခံရသူများလည်း အများအပြားရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်ကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သည့် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် မှတ်ပုံတင်မရှိ၊ အိမ်ထောင်စုစာရင်းမရှိသူများကို လမ်းပေါ်တွင် တွေ့ရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် စာရွက်စာတမ်းအတုများ ပြုလုပ်၍ ပြည်သူ့စစ်မှုထမ်းအဖြစ် ထည့်သွင်းခြင်း မပြုရန် မေတ္တာရပ်ခံမှာကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဖြစ်စဉ်များ ရာဂဏန်းအထိ ရှိလာပြီဖြစ်သကဲ့သို့ အရေးယူခံရသူများလည်း တော်တော်များနေပြီဖြစ်ကြောင်း ဦးမြင့်ကြိုင်က အသိပေးပြောကြားခဲ့သည်။

Telegram – t.me/positiveanglenews

#PAN